ရန်ကုန်  ဒီဇင်ဘာ ၁၀

ခုနှစ် ဇွန်လတွင် ကျင်းပမည့် (၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် မသန်စွမ်းအားကစားသမားများ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ် လေ့ကျင့်ရေး အားကစားရုံ၌ အားကစားသမားများ ပြင်းပြင်းထန်ထန် လေ့ကျင့်လျက်ရှိကြကြောင်း သိရသည်။

"ကျွန်တော်တို့ (၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် အားကစား သမား ၁၂၀  စခန်းသွင်းသွားမှာပါ။ ယခင် လက်ရွေးစင်များနဲ့ မျိုးဆက်သစ်များကို နိုဝင်ဘာလက စတင်ပြီး စခန်းသွင်းထားတာ အခု အားကစားသမား 86 ယောက် ရှိပါတယ်။ လေ့ကျင့်ချိန်က နံနက်တစ်ချိန်၊ ည‌နေ တစ်ချိန် လေ့ကျင့်ကြပါတယ်။ အဓိကယှဉ်ပြိုင်ရမှာ ထိုင်းအသင်းဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ မသန်စွမ်း အားကစား အဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးမျိုးမြင့်က ပြောသည်။ 

အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများအနေဖြင့် ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျှက် ဘော်လီဘော၊ မြားပစ်၊ အလေးမ၊ ဂိုးဘော၊ မျက်မမြင်ချက်စ် စသည့် အားကစားနည်း ခုနှစ်မျိုး ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-အာကာစိုး