နေပြည်တော်၊ ဇူလိုင် ၂၉
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနက ကြီးမှူးကျင်းပသော (၁၁) ကြိမ်မြောက် ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရန်အတွက် တက္ကသိုလ် (၁၇) ခု၊ သူနာပြု/ သားဖွား/ နှီးနွှယ်သင်တန်းကျောင်း (၅၃) ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ သင်ကြားရေးပိုင်းတွင် လိုအပ်သော ခေတ်မီနည်းပညာမြင့်၊ အရည်အသွေးမြင့် သင်ကြားရေး အထောက်အကူပြု ပစ္စည်းများ၊ အခြေခံအဆောက်အဦများနှင့် သင်ကြားရေးဆေးရုံများ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးတက္ကသိုလ်များနှင့် သူနာပြု တက္ကသိုလ်များတွင် ရလဒ်အခြေပြု သင်ရိုးညွှန်းတမ်း (Outcome-Based Curriculum) ဖြင့် သင်ကြားလျက်ရှိပြီး ကျန်းမာရေးပညာရှင်များအကြား ယှဉ်တွဲလေ့လာသင်ယူမှု (Inter-Professional Education) နှင့် ဆေးပညာကျင့်ဝတ် (Professional Ethics) ပိုင်းဆိုင်ရာတို့ကိုပါ ထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း။
ထို့ပြင် ဘွဲ့လွန်ဆေးပညာသင်တန်း (၁၄၁) ခုကို နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး ပြည်ပပညာသင် ကာလတို၊ ကာလရှည် သင်တန်းများ တက်ရောက်နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ကျင်းပသည့် ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲတွင် KG+12 ပညာရေးစနစ်သစ်အရ ဘွဲ့ကြိုသင်တန်း အသီးသီး၏ သင်ရိုးညွှန်းတမ်းများ ပြန်လည်သုံးသပ်ပြင်ဆင်ရေးနှင့် ဘွဲ့လွန်ဆေးပညာသင်ကြားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ခေတ်ကာလ ပြောင်းလဲတိုးတက်မှုနှင့်အညီ ပြန်လည်သုံးသပ်ပြင်ဆင်ရေး ဆွေးနွေးကြမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နှီးနှောဖလှယ်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်းက ဆေးပညာ သင်ကြားရေး နှီးနှောဖလှယ်ပွဲကျင်းပနိုင်ခဲ့မှု အခြေအနေများ၊ ယနေ့မျက်မှောက်ခေတ် ဆေးပညာသင်ကြားရေး၏ ပြောင်းလဲတိုးတက်နေမှုများနှင့် (၁၁) ကြိမ်မြောက် ဆေး ပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲကျင်းပသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ နှီးနှောဖလှယ်ပွဲ ပထမနေ့ အစီအစဉ်များကို သက်ဆိုင်ရာ တက္ကသိုလ်အစုအဖွဲ့ (Syndicate) အလိုက် ဆက်လက်ကျင်းပရာ ဆေးပညာရပ်ဆိုင်ရာ (ဘွဲ့ကြို) အစုအဖွဲ့ (Medical Syndicate (Undergraduate)) တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး (ငြိမ်း) ပါမောက္ခဒေါက်တာဖေသက်ခင်နှင့် မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ၊ ပါမောက္ခ ဒေါက်တာခင်မောင်အေးတို့က သဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး KG+12 ပညာရေး စနစ်သစ်ဖြင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများ အတွက် ဆေးတက္ကသိုလ်များ၏ ဘွဲ့ကြိုသင်ရိုးညွှန်းတမ်းများနှင့် ဆန်းစစ်မှုစနစ်များ သုံးသပ် ပြင်ဆင်ရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြကြကာ တက်ရောက်လာကြသူများက အသေးစိတ် ဝိုင်းဝန်းဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ဆေးပညာရပ်ဆိုင်ရာ (ဘွဲ့လွန်) အစုအဖွဲ့ Medical Syndicate (Postgraduate) ၌ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာတင်တင်လေးနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းဥက္ကဋ္ဌ၊ ပါမောက္ခဒေါက်တာ အေးအောင်တို့က သဘာပတိအဖြစ် ဆောင်ရွက်ကြပြီး ဘွဲ့လွန်ဆေးပညာ သင်တန်းများ၏ သင်ရိုးညွှန်းတမ်းများ၊ သင်တန်းကာလများ၊ ဆန်းစစ်မှုစနစ်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ခေတ်နှင့်လျော်ညီစွာ ပြုပြင်သင့်သည်များကို ဆွေးနွေးတင်ပြကြကာ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြသည်။
ထို့ပြင် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအစုအဖွဲ့ (Traditional Medicine Syndicate) တွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ ပါမောက္ခ ဒေါက်တာသန်းမြင့်နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စုစုဒွေးတို့က သဘာပတိအဖြစ် ဆောင်ရွက်ကြပြီး တိုင်းရင်းဆေးပညာ ဘွဲ့ကြိုသင်ရိုးညွှန်းတမ်းများအတွက် ပြုပြင်သင့်သည်များနှင့် တိုင်းရင်းဆေးပညာ ပါရဂူဘွဲ့သင်တန်းဖွင့်လှစ်နိုင်ရေးတို့အတွက် တင်ပြဆွေးနွေးကြကာ တက်ရောက်လာကြသူများက ဝိုင်ဝန်းအကြံပြု ဆွေးနွေးကြသည်။
နှီးနှောဖလှယ်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဦးစီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ဒုတိယဆေးဝန်ထမ်း ညွှန်ကြားရေးမှူး၊ ဆေးနှင့်ဆေးနှီးနွှယ် ကောင်စီ/ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာ နှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် သင်ကြားရေးဆရာ/ ဆရာမများ၊ အငြိမ်းစား ပညာရှင်ကြီးများနှင့် အထူးဖိတ်ကြားထားသူများ၊ ဆေးပညာရှင်များ တက်ရောက်ကြပြီး နှီးနှောဖလှယ်ပွဲကို ဇူလိုင် ၃၀ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍ မြှင့်တင်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များကို လုံလောက်စွာ လေ့ကျင့်မွေးထုတ်နိုင်ရေးသာမက အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာ၏ ဆေးပညာသင်ကြားရေး အဆင့်အတန်း၊ စံနှုန်းစံညွှန်းများနှင့် ကိုက်ညီစေရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


