နေပြည်တော်၊ ဇူလိုင်၆
ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က နိုင်ငံ၏လူဦးရေ အများဆုံးနေထိုင်မှုမှာ ကျေးလက် ဒေသများဖြစ်သော်လည်း ကျေးလက်လူငယ်အများစုမှာ အခြားဒေသရှိ စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြသဖြင့် လယ်ယာကဏ္ဍ၏ လုပ်သားရှားပါးမှုအခက်အခဲကို ကျော်လွှား ပြီး စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုတိုတက်ရေး၊ အသားတင်စိုက်ဧရိယာအပေါ် သီးထပ် စွမ်းအားတိုး တက်လာစေရေး၊ ပြောင်းလဲနေသော ရာသီဥတုနှင့်အညီ အချိန်ကိုက် စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ တစ်ဧကချင်း လူတစ်ဦးချင်း၏ ထုတ်လုပ်နိုင်စွမ်း တိုးတက်ရေးအတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရန် လိုအပ်နေကြောင်း၊ ဌာနအနေဖြင့် နည်းပညာဖြန့်ဝေပေး ရေးလုပ်ငန်းများနှင့် စက်မှုလယ်ယာ ကဏ္ဍ တွင် လုပ်ကိုင်နေကြသော ပုဂ္ဂလိကအပိုင်းက လုပ်သာကိုင်သာရှိစေရန် အားပေးကူညီခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော် က အစီအစဉ်မှူး အဖြစ် တာဝန်ယူဆောင်ရွက်ပြီး၊ ညွှန်ကြားရေးမှူး ဦးကျော်စိုး က မြန်မာ့လယ်ယာကဏ္ဍတွင် စက်မှုလယ်ယာ စနစ်ဖြင့် ဆောင်ရွက်နိုင်မှု၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစဉ်အလိုက် စက်ကိရိယာသုံးစွဲရာတွင် အားနည်း ချက်များ၊ စက်မှုလယ်ယာစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သင့်သည့် အခြေအနေများကို လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်း က လယ်ယာသုံး စက်ကိရိယာထုတ်လုပ်မှု၊ ပြည်ပမှ တင်သွင်းမှုနှင့် တောင်သူများ ဝယ်ယူသုံးစွဲနိုင်မှု အခြေအနေများ၊ ပြည်တွင်း လယ်ယာသုံး စက်ကိရိယာများ တိုးတက် ထုတ်လုပ်နိုင်ရေး၊ စက်မှုလယ်ယာကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်အောင် ဆောင်ရွက် ပေးသင့်သည့်အချက်များကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာ မျိုးကျော်သူ က လယ်ယာကဏ္ဍတွင် သီးနှံအမျိုးအစားအလိုက် လယ်ယာသုံးစက်ကိရိယာများ သုံးစွဲနေမှုအခြေအနေများကို လည်းကောင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ လက်ထောက်ကထိက ဒေါ်ခင်ဇာဇာထွန်း က တောင်သူများ၏ လယ်ယာသုံးစက်ကိရိယာများ သုံးစွဲမှုအခြေအနေကို သုတေသန ဆောင်ရွက်မှုရှုဒေါင့်မှ လည်းကောင်း ပါဝင်ဆွေးနွေးခဲ့ကြသည်။
စကားဝိုင်းဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီး ပြည်နယ်များမှ လေ့လာသူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)