နေပြည်တော် ၁၃ မေ
(၁၁)ကြိမ်မြောက် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးကဏ္ဍခုနှစ်ခုမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တိုင်းရင်းသား ဘာသာစကားသင် အခြေခံပညာ ကျောင်း(၁၂၂၄၈)ကျောင်း၌ တိုင်းရင်းသားဘာသာ စကား(၅၄)မျိုးကို သင်ကြားပေးလျက်ရှိပြီး တိုင်းရင်းသားစာပေ သင်ကြားပေးသူ ဆရာဆရာမနှင့်ပြင်ပပုဂ္ဂိုလ် (၂၈၇၈၃)ဦးအား ထောက်ပံ့ကြေးများ ချီးမြှင့်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် နေ့စားလပေး သင်ကြားရေးအထောက်အကူပြု (Teaching Assistants)ဆရာဆရာမ (၅၁၆၁)ဦး ခန့်ထားပေးခဲ့ပါကြောင်း။
ယခုနှစ် ကျောင်းဖွင့်အမီ (Teaching Assistants) ဆရာဆရာမများ ထပ်မံခန့် ထားနိုင်ရေး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စီစစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်းပြင်ပပညာရေးအနေဖြင့် မြို့နယ်(၈၃)မြို့နယ်တွင် ဆောင်ရွက်လျက်ရှိပြီး အခြေခံစာတတ် မြောက်ရေးလုပ်ငန်းများကိုလည်း ယခင်ကဲ့သို့ နွေရာသီတွင်သာမကဘဲ တစ်နှစ်ပတ်လုံး ဆောင်ရွက်လျက်ရှိပါကြောင်း။
အဝေးသင်ပညာရေးစနစ် အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် နိုင်ငံတကာ မိတ်ဖက်အဖွဲ့ အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးအရည် အသွေး တိုးတက်မြင့်မားရေး အတွက်လည်းကောင်း၊ ဦးစားပေးပညာရေး လုပ်ငန်း(၇)ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ် များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ထိရောက်စွာ ပူးပေါင်း၍ အကောင် အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာနအောက်ရှိ ပညာရေးကဏ္ဍခုနှစ်ခုမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပညာရေးကဏ္ဍအရည်အသွေး မြင့်မားရေးအတွက် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ အားနည်းချက် အားသာချက်များ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းအကြံပြုကြကြောင်း သိရသည်။
(သတင်းစဉ်)