သံဖြူဇရပ် ၅ မေ
သံဖြူဇရပ်မြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု မရှိခဏဆေးတောင်ဘုရားအနီး သံဖြူဇရပ်-ရေးကားလမ်းတွင် မေ ၄ ရက် မွန်းလွဲ ၁ နာရီခန့်က ယာဉ်နှစ်စီးတိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သံဖြူဇရပ်မြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်မြင့်မြင့်မြတ်အောင်၊ စခန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့် အဖွဲ့ဖြင့် သွားရောက်စစ်ဆေးရာ သံဖြုဇရပ်-ရေးကားလမ်း မိုင်တိုင် ၄၉/၄ နှင့် ၄၉/၅ ကြားတွင် ရန်ကုန်မှ ရေးမြို့သို့ ကုန်စည်များတင်ဆောင်လာပြီး ယာဉ်မောင်းဇော်ဝင်းဦး မောင်းနှင်သည့် Fuso ၁၂ ဘီးယာဉ်သည် ရေးမြို့မှ သံဖြူဇရပ်ဘက်သို့ ယာဉ်မောင်း ဗညားအောင် မောင်းနှင်သည့် Nission လိုက်ထရပ်ခရီးသည်ယာဉ်အား မိုးရွာသွန်းထားသဖြင့် လမ်းချော်ကာ တစ်ဖက်ယာဉ်ကြောအတွင်းသို့ ရောက်ရှိပြီး ခရီးသည်တင်ယာဉ်၏ ခေါင်းခန်းဘယ်ဘက်အခြမ်းအား တိုက်မိခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်မောင်း ဗညားအောင် (မော်လမြိုင်မြို့ နေသူ) (မစိုးရိမ်ရ)နှင့် ယာဉ်ရှေ့ခန်းမှ လဝီအောင် (ရေးမြို့နယ်၊ ကော့ဒွတ်ကျေးရွာ နေသူ)သည် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး မခိုင် (ကလော့ကျေးရွာ၊ ချောင်းဆုံမြို့နယ် နေသူ) (စိုးရိမ်ရ)ဖြင့်လည်းကောင်း၊ ယာဉ်နောက်ခန်းတွင် စီးလာသည့် ခန့်ဝင်းနိုင် (မြိင်သာယာ၊ မော်လမြိုင်မြို့ နေသူ)၊ ဇော်မိုးထက် (မော့ကနင်၊ ရေးမြို့နယ် နေသူ)၊ မမွန် (ကုလားကုတ်၊ ရေးမြို့နယ် နေသူ)၊ ဒေါ်စန်းမော် (နှစ်ကရင်၊ ရေးမြို့နယ် နေသူ)တို့မှာ (စိုးရိမ်ရ)နှင့် နေလင်းထက် (ရွာလွတ်၊ ချောင်းဆုံမြို့နယ် နေသူ)၊ စည်သူ (နှစ်ကရင်၊ ရေးမြို့နယ် နေသူ)မှာ (မစိုးရိမ်ရ) ဒဏ်ရာအသီးသီး ရရှိသဖြင့် သံဖြူဇရပ်မြို့နယ် ဆေးရုံမှတစ်ဆင့် မော်လမြိုင်ဆေးရုံကြီးသို့ လွှဲပြောင်းကုသစေခဲ့ကြောင်း၊ ယာဉ်တိုက်မှုဖြစ်စဉ်အပေါ် ကုန်တင်ကားကို မဆင်မခြင် မောင်းနှင်သူ ဇော်ဝင်းဦး (၃၇)နှစ်အား သံဖြူဇရပ်ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)