နေပြည်တော် နိုဝင်ဘာ ၂၆

(၁၂)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ 

အစည်းအဝေးသို့ မြန်မာနိုင်ငံမှ အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပ   ပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး၏ လက်ရှိဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံများမှ ဝန်ကြီးများနှင့် အာဆီ ယံအတွင်းရေးမှူးချုပ်တို့ တက် ရောက်ကြသည်။ 

ဝန်ကြီးများအစည်းအဝေးတွင် အာဆီယံအတွင်းရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ဖိလစ်ပိုင်နိုင်ငံ၊ National Anti-Poverty Commission မှ Convenor H.E. Noel Felongco က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။ 

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြားရာတွင် မြန်မာ နိုင်ငံအနေဖြင့် အာဆီယံ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး အလှည့်ကျ ဥက္ကဌ တာဝန်ယူခဲ့စဉ်အတွင်း ကိုဗစ်-၁၉ ဆိုင်ရာ အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဝန်ကြီးများအထူးအစည်း အဝေးကို ကျင်းပနိုင်ခဲ့ပြီး လုပ်ငန်းစဉ်(၆)ရပ် ကို ချမှတ်နိုင်ခဲ့ကြောင်း၊ ထို့ပြင် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက် ရေး လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) ကို အပြီးသတ် ရေးဆွဲနိုင်ရေးနှင့် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းအခြေပြမြေပုံ နှစ်လယ် အကဲဖြတ်မှုတို့တွင် မူဝါဒလမ်းညွှန်ချက်များနှင့် မဟာ ဗျူဟာလုပ်ငန်းစဉ်များချမှတ်ပေးနိုင်ခဲ့ကြောင်း ပြောကြားပြီး အလှည့်ကျဥက္ကဌ ရာထူးနေရာ ကို ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။

 ဆက်လက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများက မိမိတို့နိုင်ငံများ၏ ချမှတ် ထားသော မူဝါဒများ၊ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဆွေးနွေးရာတွင် မြန်မာနိုင်ငံအစိုးရအနေဖြင့် ဆင်းရဲ နွမ်းပါးသူများနှင့် ထိခိုက်လွယ်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အမြဲအလေးထား ကာ မြို့ပြနှင့် ကျေးလက်ဒေသများအကြား၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်း စေရေးအလေးပေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် ဖွံ့ဖြိုးရေးမဟာဗျူဟာတွင်လည်း စီးပွားရေးဟန်ချက်ညီညီဖွံ့ဖြိုးလာစေရေးနှင့် ဆင်းရဲမှု လျော့ချရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးတို့ကို တစ်ပြိုင်နက်တည်းဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း။

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ထိခိုက်ခဲ့သော မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး တို့ကို ပြန်လည်ကုစားနိုင်ရန်နှင့် ပြည်သူတစ်ရပ်လုံး၏ လူမှုအကျိုးစီးပွား ရေရှည်ဖွံ့ဖြိုးတိုး တက်မှုရှိပြီး လုပ်သာကိုင်သာရှိသော စီးပွားရေးဝန်းကျင် တစ်ရပ်ဖြစ်ပေါ်စေရေးအတွက် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေရေး စီမံချက် MERP ကို ရေးဆွဲဆောင်ရွက်လျက်ရှိ               ကြောင်း၊ ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အားလုံး ပါဝင်နိုင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ခေတ်မီစံပြကျေးရွာထူထောင်ရေး (SMART Village) စီမံကိန်း ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း။

 အာဆီယံဒေသတွင်း နိုင်ငံများအားလုံး ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင် ရည်မှန်းချက်များ ပြည့်မီစေရေး အတူတကွပူးပေါင်းဆောင်ရွက်ရမည့် ပန်းတိုင်ဖြစ်သည့် ဆင်းရဲမှုပပျောက်ရေး၊ Covid-19 ကပ်ရောဂါနှင့် သဘာဝဘေးအန္တရာယ်များအတွက် တုံ့ပြန် နိုင်စွမ်းတည် ဆောက်ရေးတို့ သည် အရေးကြီးလာပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးသည်။ 

ယင်းနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများက အာဆီယံဒေသတွင်း တုံ့ပြန် နိုင်စွမ်းအားကောင်းသော၊ ရေရှည်တည်တံ့သော၊ အားလုံးပူးပေါင်းပါဝင်နိုင်သော အာဆီယံ အသိုက်အဝန်းတစ်ရပ်ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံအဆင့်၊ ဒေသအဆင့် မူဝါဒရေးရာ ဆောင်ရွက် ချက်များ၊ ကျေးလက်နှင့်မြို့ပြဆက်သွယ်မှုအားကောင်းစေရေး လုပ်ဆောင်ချက် များ၊ အစိုးရ-ပုဂ္ဂလိက-ပြည်သူပူးပေါင်းဆောင်ရွက်မှုများ၊ ရာသီဥတုပြောင်း လဲမှုနှင့် သဘာဝ ဘေး အန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းစဉ်များကို ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး နယ်ပယ်တွင် ထည့်သွင်းဆောင်ရွက်မှုများ၊ ကျား-မရေးရာကဏ္ဍနှင့် ကျေးလက်ဒေသရှိ အမျိုးသမီးများနှင့် လူငယ် ကဏ္ဍတို့အပြင် အခြား ထိခိုက်လွယ်ကဏ္ဍတို့ပါ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးတို့အပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ အာဆီယံလုပ်ငန်းစီမံချက်မူဘောင် (၂၀၂၁-၂၀၂၅)ကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် တိုးတက်မှုများနှင့် အာဆီယံ ကျေးလက်ဖွံ့ဖြိုးရေးပင်မစီမံချက်ကို ရေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှုများတွင် အာဆီယံ ဒေသတွင်းနိုင်ငံများ ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့ကို မှတ်တမ်းတင်ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်