ရန်ကုန် ဇွန် ၁၁
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ကျင်းပခဲ့သည့်(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ၌ ရွှေတံဆိပ် (၁၅) ဆု၊ ငွေတံဆိပ်(၂၂)ဆု၊ ကြေးတံဆိပ်(၁၉)ဆု ဆွတ်ခူးကာ နိုင်ငံအလိုက်အဆင့်(၆)ရရှိခဲ့သည့် မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဗိုလ်ချုပ်လှမိုး ခေါင်းဆောင်သော မြန်မာနိုင်ငံကိုယ်စားပြုအောင်ပွဲရ အားကစားအဖွဲ့သည် ယမန်နေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးမျိုးလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုးများ၊ ပြည်သူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဂုဏ်ပြုကြိုဆိုကြသည်။
အဆိုပါ မြန်မာမသန်စွမ်းအားကစားအဖွဲ့တွင် ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ်(၁၂)ဆု၊ ငွေတံဆိပ်(၁၃)ဆု၊ ကြေးတံဆိပ် (၁၀)ဆု၊ ရေကူးအားကစားနည်းမှ ရွှေတံဆိပ်(၃)ဆု၊ ငွေတံဆိပ်(၆)ဆု၊ ကြေးတံဆိပ် (၄)ဆု၊ စစ်တုရင်အားကစားနည်းမှ ကြေးတံဆိပ်(၂)ဆု၊ အလေးမအားကစားနည်းမှ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ် (၂)ဆု၊ Goalball(မျက်မမြင်) အားကစားနည်းမှ ကြေးတံဆိပ်(၁)ဆု စုစုပေါင်း ဆုတံဆိပ် (၅၆)ဆု ရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်