ရန်ကုန်    ဇွန်   ၁၀

 

ကမ္ဘောဒီးယားနိုင်ငံ  ဖနောင်ပင်မြို့ တွင် ဇွန်  ၃  ရက်မှ  ၉ ရက်အထိ ကျင်းပခဲ့သည့်  (၁၂)  ကြိမ်မြောက် အာဆီယံ        မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ရွှေ ၁၅ ခု၊ ငွေ ၂၂ ခု၊ ကြေး ၁၉ ခု စုစုပေါင်း ဆုတံဆိပ် ၅၆ ခု ဆွတ်ခူးရရှိခဲ့‌သော မြန်မာမသန်စွမ်းအားကစားအဖွဲ့ သည် ယ‌နေ့ညပိုင်းက   မြန်မာအမျိုးသား‌လေကြောင်းလိုင်း စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်‌ရောက်ရှိလာရာ    ရန်ကုန်တိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့် လူငယ်‌ရေးရာဝန်ကြီးဌာန        ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊  တိုင်း‌ဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ  တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ  မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ       ကျောင်းသား ကျောင်းသူများ၊ အားကစားသမားများ‌၊ မိဘ‌ဆွေမျိုးများ‌က‌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

အဆိုပါပြိုင်ပွဲမှ ပြန်လည်‌ရောက်ရှိလာ‌သော မြန်မာမသန်စွမ်း အားကစားအဖွဲ့‌တွင် အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံ မသန်စွမ်းသူများ  အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ် လှမိုး၊ ဒုတိယဥက္ကဋ္ဌများ၊  နည်းပြ၊ အုပ်ချုပ်သူ ၄၄ ဦး၊ အားကစားသမား   ၈၂   ဦး  စုစုပေါင်း ၁၂၆ ဦး ပြန်လည်လိုက်ပါလာကြသည်။  

 

ယင်းပြိုင်ပွဲတွင် မြန်မာမသန် စွမ်းသူများ   အားကစားအဖွဲ့သည် ရေကူးအားကစားနည်းမှ ရွှေတံဆိပ် ၁၂ ခု၊  ငွေတံဆိပ်  ၁၃   ခု၊ ကြေးတံဆိပ် ၁၀ ခု၊ ပြေးခုန်ပစ် အားကစားနည်းမှ ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ်‌ခြောက်ခု၊ ကြေးတံဆိပ်‌ လေးခု၊        စစ်တုရင်အားကစားနည်းမှ    ကြေးတံဆိပ် နှစ်ခု၊ အလေးမအားကစားနည်းမှ  ငွေတံဆိပ်  သုံးခု၊ ကြေးတံဆိပ် နှစ်ခု၊      မျက်မမြင် Goalball ကစားနည်းမှ  ကြေးတံဆိပ်တစ်ခု ဆွတ်ခူးခဲ့ပြီး နိုင်ငံအလိုက် အဆင့်‌ခြောက်ရရှိခဲ့ကြောင်း သိရသည်။

အာကာစိုး