နေပြည်တော် ၁၆ သြဂုတ်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)တို့ ပူးပေါင်း၍ (၁၂)ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံဖိုရမ်အတွက် နိုင်ငံအဆင့် သုံးပွင့်ဆိုင် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အစည်းအဝေးတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က မိမိတို့နိုင်ငံသည် အလုပ်သမားများပို့ဆောင်ပေးလျက်ရှိသည့် (Sending Country) နိုင်ငံဖြစ်ပြီး Sending Country နိုင်ငံတစ်နိုင်ငံ၏ တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများ၊ ရွှေ့ပြောင်းအလုပ်သမားများအတွက် ကာကွယ်စောင့်ရှောက်မှုများနှင့် ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ ရရှိစေရေး ကိစ္စရပ်များကို စက်တင်ဘာ ၂၅ ရက် မှ ၂၆ ရက်ထိ ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၁၂ ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံဖိုရမ်၌ ဖော်ထုတ်တင်ပြနိုင်ရန် ယနေ့အစည်းအဝေးသည် များစွာအရေးကြီးပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံရုံးမှ Counsellor, Ms. Eileen Steward နှင့် ILO Myanmar ၏ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ မစ္စတာဒေါင်လင်းလီတို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ယင်းနောက် ဝန်ကြီးဌာနများ၊ လုပ်ငန်းရှင်အဖွဲ့အစည်းများနှင့် အလုပ်သမားအဖွဲ့အစည်းများမှ တာဝန်ရှိသူများက (၁၁) ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံဖိုရမ်၏ အကြံပြုချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ချက် တိုးတက်မှုများ၊ မြန်မာနိုင်ငံအတွက် အနာဂတ် အလုပ်အကိုင်နှင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အဓိကအကြောင်းအရာများကို ဆွေးနွေး တင်ပြကြသည်။
ထို့နောက် (၁၂) ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံဖိုရမ်သို့ တင်သွင်းမည့် အကြံပြုချက်များ ရေးဆွဲရန် အုပ်စုလိုက်ဆွေးနွေးခြင်း၊ ဆွေးနွေးချက်များကို ရှင်းလင်းတင်ပြခြင်းနှင့် ဝိုင်းဝန်းဆွေးနွေးခြင်းများကို ဆောင်ရွက်ကြသည်။
သတင်းစဉ်


