ရန်ကုန်  ၁၃  စက်တင်ဘာ 


မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်အထိ အမေရိကန်ဒေါ်လာ ၃၃၅ ဒသမ ၈၃၄ သန်းကျော်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။


ဆယ့်နှစ်နှစ်ကာလအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြု ပေးခဲ့မှုမှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅၂ ခု၊ အမေရိကန်ဒေါ်လာ ၃၃၅ ဒသမ ၈၃၄ သန်း အပါအဝင် ကျပ် ၁,၁၁၆,၆၁၉ ဒသမ ၄၇၆ သန်းရှိပြီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၂၅ ဒသမ ၅၀၁ သန်းအပါအဝင် ကျပ် ၁,၃၇၃,၆၁၉ ဒသမ ၅၁၅ သန်း ရှိကြောင်း သိရသည်။


စက်တင်ဘာလ ပထမအပတ်အတွင်းကလည်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်း ၂ ခု၊ အတည်ပြု လုပ်ငန်း ၆ ခုခွင့်ပြုပေးခဲ့ပြီး ယင်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၈၆ သန်းအပါအဝင် ကျပ် ၄၄,၅၉၇ ဒသမ ၈၄၅ သန်းရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။


နိုင်ငံသားရင်းနှီးမြှုပ်နှံမှုက မနှစ်ကကာလတူ ရင်းနှီးမြှုပ်နှံမှုကိုတော့ မမီသေးဘူး ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။


ခွင့်ပြုပေးခဲ့သည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄၆၆ ဦးကို ဖန်တီပေးနိုင်မည်ဖြစ်ပြီး ခွင့်ပြု/အတည်ပြုလုပ်ငန်း ၈ ခုတွင် စက်မှုကဏ္ဍမှ ၂ ခု၊ အိမ်ယာကဏ္ဍမှ ၂ ခု၊ ဟိုတယ်ကဏ္ဍမှ ၃ ခုနှင့်အခြားကဏ္ဍမှ ၁ ခုဖြစ်သည်။


သူရိန်ကျော်