နေပြည်တော်၊ ဇွန် ၁၈

 

(၁/၂၀၂၁) ကြိမ်မြောက် ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟော်တယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမမှ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော် ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်း ကော်မတီဝင်များဖြစ်ကြသည့် ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း အဖွဲ့အစည်း ကိုယ်စားလှယ်များ က Online မှ ပါဝင်တက်ရောက်ကြသည်။

4

 

အစည်းအဝေးတွင် ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်ခဲ့သည့်  ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုများကို ပြန်လည်ကုစားနိုင်ရန်အတွက် မဟာဗျူဟာအဆင့် (၃) ဆင့်ပါဝင်သည့် ကိုဗစ်-၁၉ ဆိုင်ရာ ခရီးသွား လုပ်ငန်းကုစားမှု အစီအစဉ်ကို ရေးဆွဲအတည်ပြုဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် မြန်မာနိုင်ငံ ခရီးသွားကဏ္ဍ မဟာဗျူဟာမြောက် ပြန်လည်ထူထောင်ရေး လမ်းပြမြေပုံကိုရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း။

 

ကိုဗစ်-၁၉ အလွန်ကာလမှာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်ဘေးအန္တရာယ် ကင်းရှင်းစွာ တည်းခိုနေထိုင်နိုင်သည့် ဟိုတယ်၊ တည်းခိုရိပ်သာ၊ စားသောက်ဆိုင်များအဖြစ် စနစ်တကျ သတ်မှတ်ပေးနိုင်ရန် Enchanting Myanmar Health & Safety Protocol (HSP) ရေးသား ပြုစုပြီး HSP နှင့်အညီ ကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းများကိုလည်း ပို့ချပေးလျက်ရှိပါကြောင်း။

 

ယခုအခါတွင် နိုင်ငံအများ၌ COVID-19 Third wave ပြန်လည်ဖြစ်ပေါ်နေသဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် ဟိုတယ်နှင့် ခရီးသွားဆက်စပ်လုပ်ငန်းများ အားလုံးထိခိုက်မှုမရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းရှင်များကိုယ်တိုင်လိုက်နာ၍ တာဝန်ရှိသူများမှလည်း စိစစ်ဆောင်ရွက်ပေးရန် အထူးအလေးနက်ထား ပြော ကြားလိုကြောင်း၊ ခရီးသွားလုပ်ငန်းများ စနစ်တကျ ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့ အစည်းအဝေးသို့ Online မှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များနှင့် ခရီးသွားကော်မတီဝင်များမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမောင်မောင်ကျော်နှင့် တက်ရောက်သူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)