နေပြည်တော် ၉ ဇွန်
အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) ၏ Steering Committee ဝင်များဖြစ်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်အောင်၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ အရာရှိကြီးတစ်ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသံမှူး ဒေါ်သင်းပျံ့သီတာကျော်တို့သည် ယနေ့နံနက် ၉ နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC)မှ ဦးစီးကျင်းပသည့် (၁၂)ကြိမ်မြောက် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန၏ ဦးဆောင်လမ်းညွှန်ကော်မတီ Video Conferencing အစည်းအဝေးသို့ နေပြည်တော်မှ ပါဝင်တက်ရောက်သည်။
အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသံမှူး၊ ဒေါ်သင်းပျံ့သီတာကျော်က မြန်မာနိုင်ငံအနေဖြင့် ARMAC Fund သို့ နှစ်စဉ် စေတနာအလျောက် ရန်ပုံငွေ USD 10,000 အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ ထည့်ဝင်ခဲ့ပါကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း USD 10000 အား ဇွန်လအတွင်း ထပ်မံထည့်ဝင်သွားမည်ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးသည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဦးဆောင်လမ်းညွှန်ကော်မတီဝင် ကိုယ်စားလှယ်များ၊ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ASEAN Regional Mine Action Center) မှ Mr. Ly Panharith (Executive Director, ARMAC) နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


