(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ကမ္ဘောဒီးယား ဇွန် ၄

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ဒေသစံတော်ချိန်( ၄ )နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Morodok Techo National Stadium ၌ ကျင်းပရာ အရှေ့တောင်အာရှ ပြိုင်ပွဲဝင် နိုင်ငံများတက်ရောက်ခဲ့ကြပြီး  မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး နှင့် အုပ်ချုပ်သူ၊ နည်းပြများ၊ မသန်စွမ်းအားကစားသမားများနှင့် တာဝန်ရှိပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် H.E Hun Many(Member of the Cambodian National Assembly) နှင့် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌတို့က အဖွင့်မိန့်ခွန်းပြောကြားကာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် HUN SEN က (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစား ပြိုင်ပွဲကို တရားဝင်ဖွင့်လှစ်ကြောင်း ကြေညာသည်။

ဆက်လက်၍ ကမ္ဘောဒီးယားနိုင်ငံမှ နိုင်ငံဂုဏ်ဆောင် ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် အားကစား သမားများက မီးရှူးတိုင်အား လက်ဆင့်ကမ်းသယ်ဆောင်၍ မီးထွန်းညှိခဲ့ပြီး (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို ဖွင့်လှစ်သည်။

အဆိုပါ (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံက အားကစားနည်း(၁၄)နည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး မြန်မာအားကစားအဖွဲ့မှ အားကစားနည်း (၈)နည်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်