(၁၂)ကြိမ်မြောက် မဲခေါင်စာပေဆုပြိုင်ပွဲအတွက် စာအုပ်များဖိတ်ခေါ်

ရန်ကုန် ဇန်နဝါရီ ၂၀

 

(၁၂)ကြိမ်မြောက် မဲခေါင်စာပေဆုနှင်းသဘင်ကို လာအိုနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပမည်ဖြစ်ရာ မဲခေါင်စာပေဆုပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်လိုသောစာအုပ်များကို မြန်မာနိုင်ငံစာရေးဆရာအသင်းက ဖိတ်ခေါ်လျက်ရှိသည်။

 

ပြိုင်ပွဲဝင်စာမူရှင်သည် ဝတ္ထုတိုပေါင်းချုပ်နှင့် ကဗျာပေါင်းချုပ် ဘာသာရပ်နှစ်မျိုးအနက် တစ်မျိုးမျိုး၌သာ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၂၀၂၀-၂၀၂၁ နှစ်များအတွင်း အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ပုံနှပ်ထုတ်ဝေ ဖြန့်ချိခဲ့သော စာအုပ်ဖြစ်ရမည်။

 

ထို့ပြင် ဝတ္ထုတိုပေါင်းချုပ်ဆုအတွက် ပြိုင်ပွဲဝင်စာအုပ်သည် ဦးတည်ရည်ရွယ်ချက် ကောင်းမွန်ပြီး စာဖတ်သူတို့အတွက် စိတ်ဓာတ်ခွန်အားမြင့်မားစေအောင် ရသမြောက်စွာ ရေးဖွဲ့ထားသော စာပေအမျိုးအစားဖြစ်ရမည်။ ကဗျာပေါင်းချုပ်ဆုအတွက် မြန်မာ့ရိုးရာ အစဉ်အလာ ကဗျာစပ်ထုံးစပ်နည်းနှင့် ညီညွတ်သော ရသမြောက်ကဗျာများ ဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံး ကဗျာပုဒ်ရေ ၆၀ ပါဝင်ရမည်။

 

ပြိုင်ပွဲဝင်လျှောက်လွှာပုံစံများကို အသင်းရုံးတွင် ရယူဖြည့်စွက်၍ သတ်မှတ်ဝင်ကြေးနှင့်အတူ ၄-၂-၂၀၂၂ နေ့ နောက်ဆုံးထား ပေးပို့တင်သွင်းရမည်ဖြစ်ပြီး ပြိုင်ပွဲဆိုင်ရာ အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံ စာရေးဆရာအသင်းရုံး အမှတ် (၁၇၃/၁၇၅) (၇)လွှာ ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်) ကျောက်တံတားမြို့နယ် ရန်ကုန်မြို့၊ ဖုန်းနံပါတ် - ၀၁၂၅၂၄၁၇ နှင့် ၀၉၄၅၀၀၉၀၄၈၆ တို့သို့ စုံစမ်းနိုင်သည်။

 

(၁၁)ကြိမ်မြောက် မဲခေါင်စာပေဆုရရှိသူများကို ကမ္ဘာဒီးယားနိုင်ငံတွင် အခမ်းအနားဖြင့် ဆုချီးမြှင့်ပေးအပ်ရန်ဖြစ်သော်လည်း ကိုဗစ်ရောဂါအခြေအနေကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ (၁၂)ကြိမ်မြောက် မဲခေါင်စာပေဆုနှင်းသဘင်၌ ပူးတွဲချီးမြှင့်ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်