ရန်ကုန် မတ် ၂၁

 

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ် ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ် မဟာသင်္ကြန် ရေသဘင်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ် မဟာသင်္ကြန်ရေသဘင်ပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ ဒုတိယဌာနမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ မြို့တော်ဝန် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ရေသဘင်ပွဲတော်ကို ကျင်းပခြင်း မရှိသော်လည်း ယခု ၂၀၂၂ ခုနှစ်တွင် ဗဟိုမဏ္ဍပ် မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် အနုပညာရှင်များ ပူးပေါင်း၍ ဝိုင်းဝန်းလုပ်ဆောင်ကြရန်၊ ရေသဘင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အဓိကဦးစားပေး လုပ်ဆောင်ကြရန်၊ ယခင်နှစ်များနည်းတူ လမ်းလျှောက်သင်္ကြန်ကိုလည်း ထည့်သွင်း၍ ပါဝင်ဆင်နွှဲနိုင်ရေးကိုလည်း လုပ်ဆောင်ကြရန်၊ ဗဟိုမဏ္ဍပ် ဖြစ်မြောက်ရေးအတွက် ဌာနဆိုင်ရာများမှ ဆပ်ကော်မတီများ ဖွဲ့စည်း၍ ပူးပေါင်း လုပ်ဆောင်ကြရန်၊ ယိမ်းပြိုင်ပွဲများလည်း ပါဝင်ကျင်းပမည်ဖြစ်သောကြောင့် ယိမ်းအကပြိုင်ပွဲ လျှောက်လွှာများလည်း ခေါ်ယူနေပြီဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူးက ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ် မဟာသင်္ကြန် ရေသဘင်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးပြောကြားပြီး လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ စီမံရေးရာဌာန၊ ဌာနမှူးဦးကျော်မင်းက ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းတာဝန်များ ခွဲဝေထားရှိမှုတို့အား ဆွေးနွေးပြောကြားသည်။  

 

ဆက်လက်၍ တက်ရောက်လာသော ဌာနမှူးများနှင့် ဧည့်သည်တော်များက သင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

 

ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့ပါးလာသည့်အလျောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုကိုခံယူ၍ ရန်ကုန်မြို့တော်နေပြည်သူများ စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်ချမ်းမြေ့စေရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်မြို့တော် မဟာသင်္ကြန်ကို မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ ယခု မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်