နေပြည်တော် မတ် ၁၆
မြန်မာသက္ကရာဇ် ၁၃၈၄ ခု မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်တွင် နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏ (ဒုတိယအကြိမ်)ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော် စည်ပင်သာယာရေး ကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပရာ မဟာသင်္ကြန် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင် တက်ရောက်၍ အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ မဟာသင်္ကြန်ကျင်းပရေး ဦးစီးကော်မတီဝင်များဖြစ်ကြသည့်နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများ၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပပြီး အများပြည်သူများ ယဉ်ကျေးပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်စေရန်နှင့် ပျော်ရွှင် ချမ်းမြေ့စွာဖြင့် စိတ်အပန်း ဖြေနိုင်စေရန်အတွက် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် နေပြည်တော် ရေပန်းဥယျာဉ်တို့တွင် မြန်မာ့ရိုးရာ နှစ်ကူးအတာသင်္ကြန်ပွဲတော်ကို စည်စည်ကားကားဖြင့် ကျင်းပမည်ဖြစ်ရာ သက်ဆိုင်ရာ ဦးစီးကော်မတီအဖွဲ့ဝင်များနှင့် ဆပ်ကော်မတီ အသီးသီးတို့မှ အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်၊ သင်္ကြန်ပွဲတော်အတွင်း လုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာ ကော်မတီအလိုက် လုပ်ငန်းများလစ်ဟင်းမှုမရှိစေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ဆပ်ကော်မတီအသီးသီးက မြန်မာ့ရိုးရာနှစ်ကူးအတာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် မဟာသင်္ကြန်ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် တည်ဆောက်ရန် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် သင်္ကြန်မဏ္ဍပ်တွင် ရေရရှိရေးလုပ်ငန်းဆောင်ရွက်မည့်အခြေ အနေများကို သွားရောက်စစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်က သင်္ကြန်မဏ္ဍပ် တည်ဆောက် ရေးလုပ်ငန်းခွင်တွင် အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျဆောင်ရွက်ရန်၊ သတ်မှတ်ချိန်အတွင်း အချိန်မီ ပြီးစီးရေး ဆောင်ရွက်ရန်၊ သင်္ကြန်ပွဲတော် ကျင်းပနေစဉ်အတွင်း ရေပက်ကစားရာတွင် ရေလုံလောက်စွာ ရရှိစေရေးနှင့် အရန်ရေရရှိနိုင်မည့် အစီအစဉ်များကို ထည့်သွင်းစီစဉ် ဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်