ရန်ကုန်  ၁၃    ဩဂုတ် 


(၁၃)ကြိမ်မြောက် အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အမျိုးသမီး ညီလာခံ (13th Asia Pacific Regional Conference at Taiwan)သို့ တက်ရောက်ရန် မြန်မာနိုင်ငံ ကင်းထောက် အမျိုးသမီးအဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည်၊ နိုင်ငံတကာ အမျိုးသမီးကင်းထောက်မှူးချုပ် ဒေါ်ဟယ်လင်မျိုးတင်နှင့် သင်တန်းမှူး ဒေါ်လင်းလင်းထိုက်တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယူးတိုင်ပေစီးတီးသို့ ဩဂုတ် ၁၂ ရက် ညပိုင်းက ထွက်ခွာကြရာ ဒုတိယ ကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာ နှင့် အမျိုးသမီးကင်းထောက်ကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။ 


(၁၃)ကြိမ်မြောက် အာရှပစိဖိတ် ဒေသဆိုင်ရာကင်းထောက်အမျိုးသမီး ညီလာခံကို ဩဂုတ် (၁၃)ရက်မှ (၁၇)ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ အာရှပစိဖိတ်ဒေသဆိုင်ရာ နိုင်ငံ (၂၆)နိုင်ငံနှင့်  မြန်မာနိုင်ငံအပါအဝင် အာဆီယံ (၇)နိုင်ငံမှ ကင်းထောက် အမျိုးသမီး ကိုယ်စားလှယ် များနှင့် မြန်မာ ကင်းထောက် အမျိုးသမီးကိုယ်စားလှယ်များက နိုင်ငံအလိုက် ကင်းထောက်အမျိုးသမီးများ လှုပ်ရှားဆောင်ရွက်မှု၊ ကမ္ဘာ့ကင်းထောက် လှုပ်ရှားမှုအဖွဲ့ကြီး (WOSM) မှ ကိုယ်စားလှယ်များနှင့် အမျိုးသား အမျိုးသမီး ကင်းထောက်အဖွဲ့များ ဆက်သွယ်ဆောင်ရွက်မှု၊ အမျိုးသမီးများ အကြမ်းဖက်မှုဆိုင်ရာ ကာကွယ်တားဆီးရေးဆိုင်ရာနှင့် ပတ်သက်ပြီး ပညာပေးလုပ်ငန်းများကို ကင်းထောက်အမျိုးသမီးများ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်၊ နိုင်ငံအချင်းချင်း ပူးပေါင်းညှိနှိုင်းဖြေရှင်းရေး၊ ရှေ့လုပ်ငန်းစဉ်များ ပိုမိုကောင်းမွန် တိုးတက်စေရန် စီမံဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးကြမည်ဖြစ်သည်။ 


အဆိုပါ အာရှပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက်အမျိုးသမီး ညီလာခံကို (၃)နှစ်တစ်ကြိမ် ကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။     


(သတင်းစဉ်)