ရန်ကုန်မြို့ ၂၅ မေ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ILO တို့ပူးပေါင်း၍ (၁၃)ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ Liaison Officer ၊ Mr. Rory Mungovenနှင့် (ILO) ရန်ကုန်ရုံးမှ ကိုယ်စားလှယ်များ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခန်းကဏ္ဍများအနက် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့သည် ဆက်စပ်လျက်ရှိပြီး တည်ငြိမ်အေးချမ်းသော လုပ်ငန်းခွင်တစ်ရပ်ဖြစ်ရန် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရအားလုံး စုစည်းညီညွတ်ရေးသည် အရေးအကြီးဆုံး ဖြစ်ပါကြောင်း၊ ယခုသုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲသည် အလုပ်သမားရေးရာကိစ္စရပ်များကို အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များအကြား အပြန်အလှန်အသိအမှတ်ပြုပြီး တရားဝင်ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးခွင့်ရသောကြောင့် များစွာအကျိုးသက်ရောက်မှု ရှိစေပါကြောင်း။ ဥပဒေနှင့်အညီ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းထားခြင်းသည် နှစ်ဦးနှစ်ဖက် အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုရရှိပြီး လုပ်ငန်းခွင် အေးချမ်းသာယာရေးအတွက် အထောက်အကူ ဖြစ်စေသောကြောင့် အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်မည် ဖြစ်ပါကြောင်း။
ယနေ့သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ILO မှ အဆိုပြုထားသည့် အလုပ်သမားရေးရာ ဥပဒေပြုပြင်ပြောင်းလဲရေး၊ ILO ရာပြည့် အထိမ်းအမှတ်အနေနှင့် Core Convention တစ်ခု လက်ခံကျင့်သုံးရေး၊ ၁၀၈ ကြိမ်မြောက် ILC ညီလာခံတွင် ဆွေးနွေးမည့် Centenary Outcome Document၊ Violence and Harassment in World of Work (ကမ္ဘာ့အလုပ်လောကမှာ အကြမ်းဖက်မှုနှင့် နှောင့်ယှက်မှုများမရှိစေရေး)နှင့် Committee on Application of Standards တို့နှင့်ပတ်သက်ပြီး အပြုသဘောဆောင် ဆွေးနွေးရန်လိုပါကြောင်း။
ယနေ့အစည်းအဝေး တက်ရောက်လာကြသည် ကိုယ်စားလှယ်အားလုံးကို အဓမ္မခိုင်းစေမှု ပပျောက်ရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။ မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် ၂၀ဝ၂ ခုနှစ်မှစတင်၍ Liaison Officer ခန့်အပ်ခြင်း၊ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ တိုင်ကြားမှုယန္တရား ထူထောင်ကာ အဓမ္မခိုင်းစေမှု တိုင်ကြားချက်များကို ILO နှင့် ပူးပေါင်းဖြေရှင်းခြင်း၊ အဓမ္မခိုင်းစေမှု ပပျောက်ရေးပူးတွဲ မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းပြီး မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှု ပပျောက်ရေး လုပ်ငန်းစီမံချက် ရေးဆွဲအကောင်အထည်ဖော်ခြင်းတို့ကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်မှာ ဆယ်စုနှစ် (၂)ခုနီးပါး ကြာမြင့်နေပြီ ဖြစ်ပါကြောင်း။
ဇွန်လအတွင်း ကျင်းပမည့် (၁၀၈) ကြိမ်မြောက် ညီလာခံ၏ စံများ လိုက်နာကျင့်သုံးမှုဆိုင်ရာ ကော်မတီ (Committee on the Application of Standards) မှာ မြန်မာနိုင်ငံမှ အဓမ္မခိုင်းစေမှု ပပျောက်ရေး အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးရန် လျာထားစာရင်းတွင် ပါရှိသည်ကို သိရှိရပါကြောင်း။
အဓမ္မခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲ၍ မိမိနိုင်ငံအစီအစဉ်ဖြင့် တိုင်ကြားမှုယန္တရား ထူထောင်ဖြေရှင်းနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး တိုင်ကြားမှုယန္တရား မထူထောင်မီ ကြားကာလတွင် တိုင်ကြားလာသည့်အမှုများကို အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (HLWG) မှ ဖြေရှင်းပေးသွားမည်ဖြစ်ပါကြောင်း။ ထိုဆောင်ရွက်ချက်သည် ILO ကျွမ်းကျင်သူများ ကော်မတီက တိုက်တွန်းချက်ကြောင့် လုပ်ဆောင်ခြင်းမဟုတ်ဘဲ အဓမ္မခိုင်းစေမှု ပပျောက်ရေးကို နိုင်ငံ၏ရေရှည်အကျိုးအတွက် အလေးထား စဉ်းစားဆောင်ရွက်ခဲ့ခြင်းဖြစ်၍ အလုပ်ရှင်၊ အလုပ်သမားများက ယုံကြည်ချက်အပြည့်နှင့် စိတ်တူကိုယ်တူ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး တိုက်တွန်းပြောကြားလိုပါကြောင်း၊ ယနေ့ဆွေးနွေးမည့် အစီအစဉ်များတွင် လည်းတက်ရောက်လာသူများအနေဖြင့် အလုပ်သမားထုနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ရှေးရှုပြီး အပြုသဘောနှင့် ရလဒ်ကောင်းများ ရရှိအောင် ပူးပေါင်းပါဝင် ဆွေးနွေးကြရန် ဖိတ်ခေါ်ရင်း တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် အိုင်အယ်လ်အိုဆက်သွယ်ရေးအရာရှိ Mr. Rory Mungoven က နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် တက်ရောက်လာသည့် ကိုယ်စားလှယ်များက အလုပ်သမားရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်