နေပြည်တော် ၁၅ နိုဝင်ဘာ
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၁၃)ကြိမ်မြောက် ကြက်ခြေနီညီလာခံသက်တမ်း (၂၀၂၀ - ၂၀၂၂)အတွက် ဗဟိုကောင်စီဖွဲ့စည်းခြင်းနှင့် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနား ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်း ဗဟို ဌာန(၂)၌ ကျင်းပသည်။
အခမ်းအနားတွင် ညီလာခံ ယာယီသဘာပတိ ပါမောက္ခ ဒေါက်တာအက်စ်ကျော်လှက (၁၃)ကြိမ်မြောက် ကြက်ခြေနီညီလာခံသက်တမ်း(၂၀၂၀-၂၀၂၂)အတွက် ကြက်ခြေနီလှုပ်ရှားမှု နှင့် ဆက်စပ်သည့် ဝန်ကြီးဌာနကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များ၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ကိုယ်စားလှယ်များ စုစုပေါင်း ၆၇ ဦးကို ကြက်ခြေနီဗဟိုကောင်စီဝင်များအဖြစ် အတည်ပြုခြင်း၊ ယင်းတို့အနက်မှ အဆိုပြုထားသည့် အလုပ်အမှုဆောင်(၁၁)ဦးကို Electronic Voting စနစ်ဖြင့် ဆန္ဒမဲပေးရွေးချယ်ခြင်းကို ဆောင်ရွက်ကြသည်။
ဆန္ဒမဲပေးရွေးချယ်တင်မြှောက်ခံခဲ့ရသူများမှာ အချိန်ပြည့်အလုပ်အမှုဆောင် ဉက္ကဋ္ဌ အဖြစ် ဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဉက္ကဋ္ဌအဖြစ် ဒေါက်တာဒေါ်အမယာမောင်နိုင်၊ အချိန်ပြည့်အလုပ်အမှုဆောင်များအဖြစ် ပါမောက္ခဒေါက်တာဒေါ်မြသူ၊ ဒေါက်တာတင်ညွန့် နှင့် ဒေါ်ကြူကြူဝင်း၊ အချိန်ပိုင်းအလုပ်အမှုဆောင်များအဖြစ် ဒေါက်တာထိန်လင်း၊ ဒေါက်တာ ချစ်ကိုတင်၊ ဒေါက်တာဒေါ်နီလာတင်၊ ပါမောက္ခဒေါက်တာဒေါ်ခင်မေအုန်း၊ ဒေါက်တာသိန်းငွေ နှင့် ဒေါက်တာဒေါ်နွယ်နီအုန်း တို့ကို ရွေးကောက်တင်မြှောက်ကြသည်။
ထို့နောက် အသင်းဉက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်နှင့် အချိန်ပြည့်/အချိန်ပိုင်း အလုပ် အမှုဆောင်များက ကတိစ္စာပြုကြပြီး အသင်းဉက္ကဋ္ဌက နှုတ်ခွန်းဆက် စကားပြောကြားသည်။
အသင်းဉက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့် ကြက်ခြေနီအသင်းအဆင့်ဆင့်တိုင်းတွင် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရမည်အပြင် ပွင့်လင်းမြင်သာစွာဆောင်ရွက်သွားပါက ပိုမိုအောင် မြင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
သန့်ဇော်


