ကျောင်းကုန်း ၂၆ စက်တင်ဘာ
၂၀၁၉ ခုနှစ် စက်တင်ဘာလ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၃) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အကြိုဟောပြောပွဲကို ကျောင်းကုန်းမြို့နယ်၊ ရွာသာကုန်းအုပ်စု၊ ညောင်သာယာ အခြေခံပညာ အလယ်တန်းကျောင်း၌ ယနေ့နံနက်၁၀ နာရီအချိန် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြမြခိုင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးမှုး ဒေါက်တာကြည်ကြည်မြင့် က ခွေးရူးရောဂါ ဖြစ်ပွားရခြင်း အကြောင်းအရင်း၊ ခွေးရူးရောဂါ လက္ခဏာများ၊ ခွေးရူးရောဂါ မဖြစ်အောင် ကာကွယ်ရမည့်အချက်များကို ဟောပြောခဲ့သည်။
ခွေးရူးဖြစ်စေ၊ သာမန်ခွေးဖြစ်စေ အကိုက်ခံရပါက ဒဏ်ရာကို ဆပ်ပြာနဲ့သေချာစွာဆေးပါ၊ ဆေးရုံသို့သွားပါ၊ ဆေးထိုးမည့် ရက်ချိန်းအတိုင်း သွားရောက်ထိုးနှံပါ၊ ခွေးရူးရောဂါဟာ ရူးတဲ့ခွေး အကိုက်ခံရပါက ရောဂါဖြစ်ပွားသဖြင့် ခွေးများကို ကာကွယ်ဆေး ထိုးပေးခြင်းဖြင့် ခွေးရူးရောဂါကို ကာကွယ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အခမ်းအနားသို့ အ.လ.က ညောင်သာယာကျောင်းမှ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ယခုနှစ် ဆောင်ပုဒ်မှာ "ခွေးရူးရောဂါ ကင်းစင်ဖို့ ကာကွယ်ဆေးကို ထိုးကြစို့" ဆိုသည့်အတိုင်း ညောင်သာယာကျေးရွာရှိ ခွေးများအား ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)



