နေပြည်တော် ၈ ဇန်နဝါရီ
(၁၃)ကြိမ်မြောက် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိုင်ငံအတွက် အလွန်အရေးကြီးသည့် ပညာရေးပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် အတူပူးပေါင်းလက်တွဲပါဝင်ကြသည့် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁)အရ သူငယ်တန်း +၁၂ တန်း ပညာရေးစနစ်ကို ၂၀၁၆ ခုနှစ်မှ စတင်အကောင်အထည်ဖော်၍ ကျောင်းသုံးဖတ်စာအုပ်အသစ်များ၊ ဆရာကိုင်စာအုပ်များပြုစုခြင်း၊ ဖြန့်ဝေခြင်း ဆရာဆရာမများအား သင်တန်းပို့ချခြင်းတို့ကို အချိန်နှင့် တစ်ပြေးညီဆောင်ရွက်နေကြောင်း၊ ကျောင်းသားကျောင်းသူများအား အလွတ်ကျက်မှတ်မှုစနစ်မှ (၂၁)ရာစု ကျွမ်းကျင်မှုများဖြစ်သည့် စဉ်းစားဝေဖန်တွေးခေါ်ခြင်း၊ တီထွင်ဖန်တီးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ စူးစမ်းလေ့လာမှုကိုအခြေခံ၍ ပြဿနာဖြေရှင်းခြင်း၊ တရားမျှတစွာနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း အစရှိသည့် ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ မည်သည့်ခွဲခြားမှုမျှမရှိဘဲ၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှချန် မထားဘဲကျောင်းသား ကျောင်းသူများအားလုံး အရည်အသွေးရှိသော ပညာကိုသင်ယူခွင့်ရရှိအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲပြုစုခြင်းလုပ်ငန်းများနှင့် အရည်အသွေးရှိသော ပညာရေးစနစ်အောင်မြင်နိုင်ရေးအတွက် ဆရာ ဆရာများ၊ မိဘအုပ်ထိန်းသူ၊ ပြည်သူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများအားလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ယူနက်စကို ဌာနေကိုယ်စားလှယ် (Ms. Min Jeong Kim) က နှုတ်ခွန်း ဆက်စကားပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာနအောက်ရှိ ပညာရေးကဏ္ဍခုနှစ်ခုမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပညာရေးကဏ္ဍအရည်အသွေး မြင့်မားရေးအတွက် ပညာရေးနှင့်အသက် မွေးဝမ်းကျောင်း ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ အားနည်းချက် အားသာချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်