နေပြည်တော် ၁၀ မေ
(၁၄)ကြိမ်မြောက် အနာဂတ်ဒီရေတောအစီအစဉ် နိုင်ငံအဆင့်ညှိနှိုင်းရေးအဖွဲ့(NCB) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက နေပြည်တော် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က နိုင်ငံအဆင့်ဒီရေတောများဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ National Coordinating Body-NCB တစ်ရပ်ဖွဲ့စည်းခဲ့ပြီး ကမ်းရိုးတန်းဒေသများရေရှည်ဖွံ့ဖြိုးရေးဆိုင်ရာ National Strategy and Action Plan ကို အစိုးရဌာနများ၊ အစိုးရမဟုတ်သောဆက်စပ်အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် သုတေသနပညာရှင်များ၊ ပုဂ္ဂလိကကဏ္ဍများ၏ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုများဖြင့် ရေးဆွဲခဲ့ပြီးဦးစားပေးဆောင်ရွက်ရမည့် မဟာဗျူဟာစီမံချက်များနှင့် လုပ်ငန်း စီမံချက်များကိုချမှတ်ခဲ့ပါကြောင်း။
MFF အစီအစဉ်အနေဖြင့်နိုင်ငံအဆင့် မူဝါဒများချမှတ်ရာတွင် ဒေသခံများ၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရန် ကူညီပံ့ပိုးမှုများပြုလုပ်ခဲ့ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ ကမ်းရိုးတန်း ဒေသများတွင် အသေးစားသုတေသနစီမံကိန်းများအတွက် ရန်ပုံငွေပံ့ပိုးကူညီခဲ့ပါကြောင်း၊ ဒီရေတောများအား ဒေသခံပြည်သူများကိုယ်တိုင် ထိန်းသိမ်းကာကွယ်နိုင်ရေး၊ ကမ်းရိုးတန်းကမ်းပါးပြိုတိုက် စားခြင်းကိုကာကွယ်ရေး၊ စွမ်အားမြှင့်မီးဖိုများတိုးမြှင့်အသုံးပြုရေး၊ ဒေသခံများကိုယ်တိုင်စီမံ အုပ်ချုပ်သည့် အဏ္ဏဝါဧရိယာများပေါ်ပေါက်စေရေးစသည့်စီမံကိန်းများကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီးပံ့ပိုးကူညီဆောင်ရွက်ခဲ့ပါကြောင်း။
နိုင်ငံ၏ ကမ်းရိုးတန်းဒေသများတွင် လူဦးရေထူထပ်သိပ်သည်းသည့်အပြင် ဖွံ့ဖြိုးမှုအားနည်းသည့် နေရာများဖြစ်ပါကြောင်း၊ ဒေသခံများ၏ ဒီရေတောများနှင့် ယင်းတို့အပေါ် မှီခိုပေါက်ဖွားနေကြသည့် ငါး၊ပုစွန်သယံဇာတများအပေါ် မှီခိုမှုများရှိနေပြီး ဒီရေတောများကို အခြားသော မြေအသုံးချမှုများသို့ ပြောင်းလဲမှုများကိုလည်း ရင်ဆိုင်တွေ့ကြုံနေရပါကြောင်း၊ ကမ်းရိုးတန်းဒေသများတွင် တွေ့ကြုံရသည့် ပြဿနာများနှင့် သယံဇာတသုံးစွဲမှု ပဋိပက္ခများတွင် ဌာနတစ်ခုထဲ ဖြေရှင်း လို့မရနိုင်သည့် အားလုံးနားလည်သဘောပေါက်ပြီးဖြစ်ပါကြောင်း၊ ပြဿနာများကို ဝိုင်းဝန်းဖြေရှင်းနိုင်ရန် ကမ္ဘာတစ်ဝှမ်းမှာရှိသည့် နိုင်ငံများတွင်Integrated Coastal Management - ICM လို့ခေါ်သည့် စီမံအုပ်ချုပ်မှုစနစ်တစ်ခု ကျင့်သုံးလျက်ရှိပါကြောင်း၊ICM လို စနစ်ကောင်းများ စတင်ကျင့်သုံးနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိရာတွင် ယခုဆိုရင် ကမ်းရိုးတန်းဒေသကြီး(၆)ခုတွင် ICM မိတ်ဆက်လုပ်ငန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။
NCB အဖွဲ့ဝင်များကို ဆက်စပ်အစည်းအဝေးများကို တက်ရောက်ပေးရန်နှင့် မြန်မာ့ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများနှင့် စီမံအုပ်ချုပ်မှုများကို ဆောင်ရွက်ရာတွင် ဘက်စုံ၊ ကဏ္ဍစုံမှ ပူးပေါင်းပါဝင်ပေးကြပါ၊ မိမိတို့၏ ကျွမ်းကျင်ရာနယ်ပယ်များမှ အသိပညာများ၊ ဗဟုသုတ၊ အတွေ့အကြုံသစ်များကို ဆက်လက်မျှဝေပေးကြရန်၊ ကမ်းရိုးတန်းဒေသများ ရေရှည်ဖွံ့ဖြိုးတိုးတက် စေမည့် အစီအမံများချမှတ်ပြီး အားလုံးဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများက ကဏ္ဍအလိုက် ဆွေးနွေးကြသည်။
အခမ်းအနားသို့ NCB အဖွဲ့ဝင်များဖြစ်ကြသည့် သစ်တောဦးစီးဌာန၊ ဆက်စပ်အစိုးရဌာနများ၊ ပြည်တွင်းပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒီရေတော/ကမ်းရိုးတန်း/အဏ္ဏဝါဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။
(သတင်းစဉ်)