နေပြည်တော် ၃ စက်တင်ဘာ
(၁၄၅)နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အောက်တိုဘာ ၉ ရက်မတိုင်မီနှင့် ၉ ရက်နေ့တို့တွင် ဝန်ကြီးဌာနရုံးများနှင့် တက္ကသိုလ်များရှိ စာကြည့်တိုက်များတွင် အများပြည်သူများနှင့် ကျောင်းသားကျောင်းသူများနှင့် ကြည့်ရှုလေ့လာနိုင်ရန်အတွက် ပိုစတာများကို စာကြည့်တိုက်နှင့် ကြော်ငြာသင်ပုန်းများတွင် ကပ်ထားပေးမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့သည် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ၏(၁၄၅)နှစ် ပြည့်မြောက်သည့်နေ့ဖြစ်ပြီး နှစ်စဉ် အောက်တိုဘာ ၉ ရက်ကို ကမ္ဘာ့စာပို့တိုက် နေ့အဖြစ်ကျင်းပခဲ့ပြီး ယင်းနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကမ္ဘာ့စာပို့တိုက်သမဂ္ဂမှ သုံးနှစ်လျှင် တစ်ကြိမ် သတ်မှတ်ထားသော ပိုစတာစာရွက်များကို အဖွဲ့ဝင်နိုင်ငံများသို့ နှစ်စဉ်ပေးပို့လေ့ရှိကြောင်း သိရသည်။
ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (Universal Postal Union-UPU)ကို ၁၈၇၄ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဌာနချုပ်သည် ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့၌ တည်ထောင်ထားရှိကြောင်း သိရသည်။
မောင်လူမော်


