နေပြည်တော် နိုဝင်ဘာ ၂၄
(၁၄)ကြိမ်မြောက် အာဆီယံ + ၃ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ နိုဝင်ဘာ ၂၄ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ပြီး အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံ+၃ မိတ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံနှင့် မိတ်ဖက် သုံးနိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများက အမှာစကားများ ပြောကြားကြသည်။
ယင်းနောက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများက အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သည့် “စဉ်ဆက်မပြတ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးအတွက် အာဆီယံဒေသတွင်း တုံ့ပြန်နိုင်စွမ်းအား ခိုင်မာအားကောင်းစေရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး” အပေါ် မိမိတို့နိုင်ငံအလိုက် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဆောင်ရွက် ချက်များနှင့်ပတ်သက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ ပြည့်မီစေရေး ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များ ချမှတ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ပြနှင့် ကျေးလက်ဒေသများအကြား၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး အလေးပေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် ဖွံ့ဖြိုးရေးမဟာဗျူဟာတွင်လည်း စီးပွားရေးဟန်ချက်ညီညီ ဖွံ့ဖြိုးလာစေရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးတို့ကို တစ်ပြိုင်တည်း ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကူးစက် ရောဂါကြောင့် ထိခိုက်ခဲ့သော မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးတို့ကို ပြန်လည်ကုစားနိုင်ရန်နှင့် ပြည်သူ တစ်ရပ်လုံး၏ လူမှုအကျိုးစီးပွား ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရှိပြီး လုပ်သာကိုင်သာရှိသော စီးပွားရေးဝန်းကျင် တစ်ရပ် ဖြစ်ပေါ်စေရေးအတွက် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက် MERP ကို ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း။
အာဆီယံဒေသတွင်း နိုင်ငံများအနေဖြင့် ရေရှည်တည်တံ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန် အတွက် တုံ့ပြန်နိုင်စွမ်း အားကောင်းသော မဟာဗျူဟာမြောက် အစီအစဉ်များ ရေးဆွဲရာတွင် အားလုံး ပူးပေါင်းပါဝင်နိုင်သော ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေး လမ်းကြောင်း များတွင် အမျိုးသမီးများ၊ လူငယ်များ၊ ထိခိုက်လွယ်အုပ်စုများ ပါဝင်နိုင်အောင် ဦးစားပေးဆောင်ရွက် ပေးရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသတွင်း တုံ့ပြန်နိုင်စွမ်းအားကောင်းပြီး ရေရှည်တည်တံ့ ခိုင်မြဲသော လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
ယင်းနောက် အာဆီယံဒေသတွင်း မိတ်ဖက် သုံးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများက အာဆီယံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး စီမံချက်မူဘောင် (၂၀၂၁-၂၀၂၅) ပါ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အာဆီယံဒေသတွင်း နိုင်ငံများမှ အဆိုပြုထားသော လုပ်ငန်းများအပေါ် ဆက်လက်ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


