နေပြည်တော် မေ ၁၄
(၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနား (ပထမ)ပိုင်း မေတ္တသုတ် ပရိတ်တရားတော်များနာယူကြည်ညှို၍ သံဃာတော်အရှင် သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ မွန်းလွဲ ၄ နာရီတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်ဂူတော်အတွင်း ဂေါတမဗုဒ္ဓရုပ်ပွားတော်ဆင်းတုတော်ရှေ့၌ ကျင်းပသည်။
အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော် နေပြည်တော် ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္ဓဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိပါဠိဆရာတော် အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအေးထွန်း၊ ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် နေပြည်တော် ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက၊ ပါဠိဆရာတော်ကြီးထံမှ ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမှူးပြုသည့် ဧည့်ပရိတ်သတ် များက ကိုးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ထံမှ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး သံဃာတော်အရှင်သူမြတ် တို့အား လှူဖွယ်ပစ္စည်းများကို သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများက ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် နေပြည်တော် ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက၊ ပါဠိဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းလောင်းအမျှ ပေးဝေကာ အခမ်းအနား (ပထမ)ပိုင်းကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
(သတင်းစဉ်)