နေပြည်တော် ဇွန် ၂
(၁၅) ကြိမ်မြောက် အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနဌာန (ERIA) အုပ်ချုပ် မှုဘုတ်အဖွဲ့အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် ကျင်းပရာ မြန်မာနိုင်ငံ၏ အီးအာရ် အိုင်အေအုပ်ချုပ်မှုဘုတ်အဖွဲ့ဝင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁) မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
အဆိုပါ အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံ၊ Ateneo de Manila University ၏ စီးပွားရေး ပါမောက္ခ၊ Dr. Cielito F. Habito က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အီးအာရ်အိုင်အေအုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင်များဖြစ်သည့် အာဆီယံနိုင်ငံများနှင့် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်နိုင်ငံတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ကျွမ်းကျင်ပညာရှင်များ၊ အီးအာရ်အိုင်အေ အကြံပေးကောင်စီအဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေး၌ အီးအာရ်အိုင်အေ အုပ်ချုပ်မှုဘုတ်အဖွဲ့အစည်းအဝေးသဘာပတိ ပါမောက္ခ Dr. Cielito F. Habito ၊ အီးအာရ်အိုင်အေ၏ ဥက္ကဋ္ဌ ပါမောက္ခ Hidetoshi Nishimura နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dato Paduka Lim Jock Hoi တို့က အမှာစကား များ ပြောကြားခဲ့သည်။
ဆက်လက်၍ အီးအာရ်အိုင်အေ၏ Chief Economist ၊ ပါမောက္ခ Fukunari Kimura က ကမ္ဘာ့လက်ရှိဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများက အာဆီယံနှင့် အရှေ့အာရှဒေသအပေါ် အကျိုးသက်ရောက်မှုများကို လည်းကောင်း၊ အကြီးတန်းမူဝါဒရေးရာအဖွဲ့ဝင် ပါမောက္ခ Jun Arima က အရှေ့အာရှနိုင်ငံများအတွက် ဆောင်ရွက်သည့် စွမ်းအင်မူဝါဒဆိုင်ရာလေ့လာမှု လမ်းပြ မြေပုံ (၂၀၂၂-၂၀၂၃) ကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။ ထို့နောက် အာဆီယံ အတွင်းရေး မှူးချုပ်နှင့် အီးအာရ်အိုင်အေ အုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင်များက အာဆီယံနှင့် အရှေ့အာရှဒေသ အပေါ် ကမ္ဘာ့တိုးတက်မှု အကျိုးသက်ရောက်မှုများနှင့် အီးအာရ်အိုင်အေက အာဆီယံနှင့် အရှေ့ အာရှဒေသတွင် ဆောင်ရွက်ရမည့် သုတေသနအစီအစဉ်သစ်များကို အဆိုပြု ဆွေးနွေးခဲ့ကြ သည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အီးအာရ်အိုင်အေ၏ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် အတွက် ဆောင်ရွက်သည့် သုတေသနလုပ်ငန်းအစီအစဉ်များကို အသိအမှတ်ပြုပါကြောင်း၊ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ်တွင် မြန်မာနိုင်ငံ သည် ကျန်အဖွဲ့ဝင်နိုင်ငံ(၁၀)နိုင်ငံနှင့် နှစ်နိုင်ငံအကြား အသက်ဝင်ပြီးဖြစ်ကြောင်း၊ ကမ္ဘော ဒီးယား၊ လာအိုနှင့်၊ မြန်မာနိုင်ငံတို့က RCEP ၏ အချို့သဘောတူညီချက်များကို လိုက်ပါ အကောင်အထည်ဖော်ရန် အတွက် ကြားကာလ ကူးပြောင်းချိန်များရရှိထားကြောင်း၊ အဆိုပါ ကာလအတွင်း မြန်မာနိုင်ငံအနေဖြင့်လည်း RCEP စာချုပ်ကိုအပြည့်အဝအကောင်အထည် ဖော်နိုင်ရန်အတွက် လိုအပ်သည့် အဖွဲ့အစည်းတည်ဆောက်မှုနှင့် ဥပဒေဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေးအစီအစဉ်များကို ဆောင်ရွက်ပေးစေလို ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)