နေပြည်တော် စက်တင်ဘာ ၁၈

 

(၁၅) ကြိမ်မြောက် တရုတ်-အာဆီယံ ငွေရေးကြေးရေးပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးထိပ်သီးဖိုရမ်ကို ယနေ့ နံနက် ၉ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ခေါင်းဆောင်သည့်အဖွဲ့ တက်ရောက်ခဲ့ပြီး အာဆီယံဗဟိုဘဏ်အကြီးအကဲများက မိန့်ခွန်းပြောကြားကြသည်။  

 

    အစီအစဉ်အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားရာတွင် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ခိုင်မာသည့် မိတ်ဖက်အဖွဲ့အစည်းများအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ယခုဖိုရမ်အတွင်း ဒေသတွင်း စီးပွားရေးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အာရှပိုး လမ်းမကြီးဖော်ဆောင်မှု(Belt and Road Initiative)အရ ငွေရေးကြေးရေးဆိုင်ရာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်အချက်များကို အတည်ပြုဖော်ဆောင်နိုင် မည်ဖြစ်ပါ ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၀)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ များအစည်းအဝေး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ငွေရေးကြေးရေးတည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ ပေါင်းစည်းမှုများအား ပိုမိုနက်ရှိုင်းစွာ မြှင့်တင်ဆောင်ရွက်နိုင်ရေးတို့ကို ဆောင်ရွက်ရန် ကတိ ကဝတ်ပြုခဲ့ကြသည်ကို အလေးအနက်ထား ပြောကြားလိုပါကြောင်း။  

 

 

ယနေ့အချိန်အခါတွင် တစ်ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုအခက် အခဲများဖြစ်သည့် ငွေရေးကြေးရေးအခြေအနေဆိုင်ရာ မတည်ငြိမ်မှုများ၊ ဈေးကွက် မတည်မငြိမ်ဖြစ်မှုများကြောင့် ထွန်းသစ်စနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် မိမိတို့၏ ငွေကြေးစနစ်များ တည်ငြိမ်စေရေးနှင့် အမေရိကန် ဒေါ်လာအပေါ် မှီခိုအားထား ရမှုအားလျှော့ချနိုင်ရေး ကြိုးပမ်းအားထုတ်နေကြပြီး၊ ဒေသတွင်း ဆန်းသစ်တီထွင်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် လိုအပ်ပါကြောင်း၊ တရုတ်ယွမ်၏ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့်လာခဲ့ပြီး၊ နယ်စပ်ဖြတ်ကျော် ပေးချေမှုများအတွက် ကုန်သွယ်မှုဆိုင်ရာပေး ချေမှုငွေကြေးအဖြစ် တတိယနေရာသို့ ရောက်ရှိလာ ခဲ့ပါကြောင်း၊ အာရှပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative) နည်းဗျူဟာနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ များ၏ ချိတ်ဆက်ဆောင်ရွက်မှုဆိုင်ရာ မဟာစီမံကိန်း (Master Plan) များကြောင့် ငွေရေးကြေးရေးဆိုင် ရာချိတ်ဆက် နိုင်မှုများ ပိုမိုအားကောင်းခိုင်မာလာပါကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုများနှင့်ပတ်သက်၍ အာရှပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative) မှတစ်ဆင့် မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအပေါ် အထောက်အပံ့များရရှိနိုင်ပြီး၊ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ စီမံကိန်းများအတွက် အခြေခံအဆောက်အဦ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ချိတ်ဆက်မှု များနှင့်စပ်လျဉ်း၍ အခွင့်အလမ်းကောင်းများအား အရှိန်မြှင့်တင် ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း။

 

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုနှင့်ပတ်သက်၍ ယွမ်-ကျပ်အစီအစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ မိမိတို့နှစ် နိုင်ငံ၏ ပထဝီဝင်အနေအထားအရ နယ်စပ်ဖြတ်ကျော် ပေးချေမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် အတွက် အလားအလာကောင်းများ လမ်းဖွင့်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ အကြားမိတ်ဖက်ဆက်ဆံရေး၌ ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် အရေးပါပါကြောင်း၊ ဘဏ်လုပ်ငန်းနှင့်‌ ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ချဲ့ထွင် ခြင်းနှင့် နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ခြင်းတို့သည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေရေးကြေးရေးတွင်အားလုံးပါဝင်လာနိုင်မှု စသည်တို့အပေါ် အထောက် အကူဖြစ်စေပါကြောင်း၊ မိမိတို့အနေဖြင့် ငွေရေးကြေးရေးတည်ငြိမ်ရေး မြှင့်တင်ဆောင်ရွက် နိုင်ရန်အလို့ငှာ နယ်စပ်ဖြတ်ကျော် ငွေလွှဲပြောင်းပေးချေမှုများ၌ ငွေရေးကြေးရေးဆိုင်ရာ ချိတ်ဆက်မှုများ ပိုမိုအားကောင်းခိုင်မာ စွာဆောင်ရွက်နိုင်စေရန် ကြိုးပမ်းအားထုတ် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

အဆိုပါဖိုရမ်သို့ ကွမ်ရှီးပြည်နယ်အစိုးရအကြီးအကဲ မစ္စတာလျူနင်း (Mr Liu Ning) ခေါင်းဆောင်သောအဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံခြားသုံးငွေနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုဆိုင်ရာ ဒုတိယအကြီးအကဲ၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား နိုင်ငံတို့မှ ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများ၊ ICBC ၊ BOC ၊ ABC ၊ CCB ၊ CDB ၊ ADB ၊ EXIM Bank of China ဘဏ်များမှ အကြီးအကဲများ၊ China Insurance Corporation မှ အကြီးအကဲများ၊ ဘေဂျင်း၊ ရှန်ဟိုင်းနှင့် ရှန်ဇင်း Stock Exchange မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

(သတင်းစဉ်)