စိတ်ဖိစီးနေချိန်၊ စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုလို လေးလံနေချိန်မျိုးတွေမှာ စိတ်ကို လျှော့ထားလို့ လူတိုင်းပြောတတ်တယ်။ အပြောလွယ်လှပေမယ့် တကယ်တမ်း လိုက်လုပ်ကြည့်တော့ ခက်လှပါတယ်။

 

ဒါပေမယ့် စိတ်မပူပါနဲ့ ခုပြောပြချင်တာက ၁၅ မိနစ်အတွင်းမှာ သင့်ရဲ့လေးလံနေတဲ့ ခေါင်းကြီး ပေါပါးသွားစေမယ့်၊ စိတ်ဖိစီးမှုတွေ လျော့ပါးသွာားစေမယ့် နည်းလမ်းလေးတွေမို့လို့ပါ။

 

တကယ်လို့ သင်စိတ်ဖိစီးလာတဲ့အခါ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို စမ်းသပ်ကြည့်လိုက်ပါ။ တကယ်ကို အဆင်ပြေသွားပါလိမ့်မယ်။

 

၁။ တရားထိုင်ပါ

 

မိနစ်အနည်းငယ်လောက် ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်ပြီး ဝင်လေထွက်လေကို ရှုမှတ်နေတာက သင့်စိတ်ကို လွတ်လပ်သွားစေပါလိမ့်မယ်။ ဒီနည်းလမ်းဟာ နှစ်ပေါင်းထောင်နဲ့ချီပြီး လူသားတွေအသုံးပြုလာကြတဲ့ နည်းလမ်းဟောင်းတစ်ခုပါ။ ခုထိ အမှန်တကယ် အသုံးတည့်နေဆဲ နည်းနာတစ်ခုလို့ ဆိုရပါမယ်။

 

၂။ အသက်ကို ပြင်းပြင်းရှူ

 

အသက်ကို မှန်မှန်ရှူ၊ အသက်ကို မှန်မှန် ရှူလို့ ပြောတတ်ကြတယ်မဟုတ်လား။ ဒီနည်းက တကယ်အလုပ်ဖြစ်တယ်နော်။ မျက်လုံးကိုမှိတ် ခါးကိုမတ်မတ်ဆန့်ဆန့်ရပ်ပြီး ၅ မိနစ်လောက် အသက်ကို ပြင်းပြင်းရှူသွင်း၊ ပြင်းပြင်းပြန်ရှူထုတ်လုပ်တာက သင့်ရဲ့ စိတ်ဖိစီးမှုကို ခပ်မြန်မြန် လွင့်ပါးသွား စေနိုင်ပါတယ်။

 

၃။ အရှိအတိုင်း လက်ခံ

 

အရမ်းစိတ်ရှုပ်နေတာက ရှုပ်ရှုပ်ထွေးထွေးတွေ တွေးတောနေမိလို့ပါ။ အခြေအနေကို အရှိအတိုင်း လက်ခံပြီး အေးအေးဆေးဆေး သုံးသပ်ကြည့်လိုက်ပါ။ ပြဿနာတွေက ကိုယ်ထင် ထားတာလောက် မခက်တာကို နားလည်လာပါလိမ့်မယ်။

 

၄။ ရင်ဆိုင်ပစ်လိုက်

 

သင့်ရဲ့ ဆိုရှယ်မီဒီယာက သင့်အတွက် စိတ်ထွက်ပေါက်ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ တစ်ခြားလူတစ်ယောက်ယောက်ကို ဖုန်းဆက်ပြီးပဲဖြစ်ဖြစ် ပို့စ်တင်ပြီးပဲဖြစ်ဖြစ် မက်ဆင်ဂျာကနေပဲဖြစ်ဖြစ် ရင်ဖွင့်လိုက်ပါ။ စိတ်ထဲ ပေါ့သွားပါလိမ့်မယ်။

 

၅။ ကိုယ်လက်လှုပ်ရှားလိုက်

 

လေ့ကျင့်ခန်းလုပ်ခိုင်းတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်ကို လွှဲရမ်းလှုပ်ရှားတာမျိုး၊ ထိုင်လိုက်ထလိုက်လုပ်တာမျိုး၊ လမ်းလျှောက်တာမျိုး လုပ်စေချင်တာပါ။ ၁ မိနစ် ၂ မိနစ်လောက် ဒီလိုလုပ်လိုက်ရုံနဲ့ သိသာတဲ့ အကျိုးရပါလိမ့်မယ်။

 

၆။ ကိုယ်တွင်း ဖိအားကိုလျှော့

 

နွေးထွေးတဲ့ရေနွေးအိတ်လို အဝတ်စလိုအရာမျိုးကို လည်တိုင်၊ မျက်နှာ၊ ရင်ဘတ်နဲ့ ဂုတ်ကြွက် သားတွေမှာ တစ်ကြိမ်စီပတ်ပြီး ၁၀ မိနစ်လောက်ကြာတဲ့အထိ နေကြည့်ပါ။ လူရောစိတ်ပါ ပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။

 

၇။ ဟက်ဟက်ပက်ပက်ရယ်မောပါ

 

ရယ်မောတာက စိတ်ရောကိုယ်ပါ ကျန်းမာစေတဲ့ အပြုအမူတစ်မျိုးပါ။ ဒီအတိုင်း ရယ်မောတာ ပဲဖြစ်ဖြစ် ဟာသတွကြည့်ပြီး ရယ်မောတာပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။ ခဏအတွင်း ထူးခြားပါလိမ့်မယ်။

 

၈။ ဂီတနဲ့ စီးမျောကြည့်

 

သီချင်းနားထောင်တာက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းကောင်းတွေထဲက တစ်ခု လို့ ဆိုကြပါတယ်။ သွေးတိုးနဲ့ နှလုံးခုန်နှုန်းမြင့်မားနေတာတွေကို လျော့ကျစေသလို သောကတွေကိုလည်း လျော့ပါးစေနိုင်ပါတယ်။

 

၉။ ပြေးကြည့်ပါ

 

ပြေးတာကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။ ပြေးတာ စက်ဘီးစီးတာတွေကြောင့် ချွေးစို့လာပြီဆိုရင် လူက ပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။ စိတ်ဖိစီးနေရင်လည်း လျော့ပါးသွားစေပါလိမ့်မယ်။

 

၁၀။ ကျေးဇူးသိစိတ်မွေးပါ

 

လေ့လာချက်တွေအရ ကျေးဇူးသိတတ်သူတွေဟာ စိတ်ဖိစီးနေချိန်မှာ ကျေးဇူးတရားကို တွေးတောဆင်ချင်ရုံနဲ့ စိတ်လက်ပေါ့ပါးပြေလျော့စေတယ်လို့ အဆိုရှိပါတယ်။ စမ်းသပ်သင့်တဲ့ နည်းတစ်ခုပါပဲ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ၊

 

ရေးသားသူ Ye Zon Aung

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”