ညောင်တုန်း  ၂၀  မတ်


ညောင်တုန်းမြို့၊ ရှေးဟောင်းသမိုင်းဝင် မြို့ဦးမိုးဟုတ်စေတီတော်မြတ်ကြီး၏(၁၅၃)ကြိမ်မြောက်ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယနေ့ နံနက်(၈)နာရီက အဆိုပါ စေတီတော်ကြီးရင်ပြင်၌ စည်ကားစွာကျင်းပကြောင်း သိရသည်။


မြို့ပေါ်ဘုန်းကြီးကျောင်းနှင့် ကျောင်းတိုက်(၇၆)တိုက်အသီးသီးမှ နာယကဆရာတော်များ၊ သံဃာတော်များနှင့် သီလရှင်အပါး(၃၀ဝ)ကျော် ကြွရောက်အလှူခံတော်မူသည်။ ဘုရားဂေါပက အဖွဲ့ဝင်လူကြီးများ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ပညာရေးဌာနမှ ဆရာ/မများ၊ ညောင်တုန်းမြို့နယ်သူ မြို့နယ်သားများ၊ ရန်ကုန်မြို့ရောက် ညောင်တုန်းမြို့နယ် အသင်းသားများ၊ စေတနာရှင်၊ အလှူရှင်များက သံဃာတော် အရှင်သူမြတ်အပါး(၃၀ဝ)ကျော်နှင့် သီလရှင်(၃၆)ပါးကျော်တို့အား သဒ္ဒါကြည်လင် စေတနာရှင်များက ဆွမ်းဆန်တော်ဆပ်ပြာ၊ သွားတိုက်ဆေး၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ ဆေးဝါး၊ အချိုရည်၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းတန်ဖိုး စုစုပေါင်းကျပ်သိန်း(၁၈၄) သိန်းရှစ်သောင်းကျော်ခန့် ပါဝင်စုပေါင်း စုဆောင်းလှူဒါန်းခဲ့ကြောင်း သိရသည်။ 


ထို့ပြင် လှူဒါန်းမှု ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်း အစုစုတို့အတွက် မဟာဝိသုတာရာမ တိုက်သစ်ကျောင်းတိုက်မှ ပဓာနနာယက ဆရာတော် ဦးဣန္ဒာစရိယထံမှ အနုမောဓနာ ရေစက်သွန်းချ အမျှပေးဝေကာ ကုသိုလ်ကျောင်းမှုများ ပြုလုပ်လှူဒါန်းခဲ့ကြောင်း သိရသည်။    


ထွန်းကျော်(ညောင်တုန်း)