(၁၅)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်

နေပြည်တော် ၈ မတ်

(၁၅)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအလွတ် သဘော အစည်းအဝေး (15th ACDFIM) ကို ယနေ့နံနက်ပိုင်းတွင် စင်ကာပူနိုင်ငံရှိ The Fullerton ဟိုတယ်၌ ကျင်းပရာ  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊  အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် များနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အစည်းအဝေးသဘာပတိ စင်ကာပူတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Lt. Gen. Perry Lim က   အဖွင့်အမှာစကားပြောကြားပြီး အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (15th ACDFIM) ဗီဒီယို မှတ်တမ်းကို ကြည့်ရှုကြသည်။

ဆက်လက်ပြီး 15th ASEAN Military Intelligence Informal Meeting အစည်းအဝေးရလဒ်ကို  စင်ကာပူ တပ်မတော်ထောက်လှမ်းရေးမှူးချုပ် Bri. Gen. Ong Tze-Ch'n က လည်းကောင်း၊ 8th ASEAN Military Operations Informal Meeting ၏ရလဒ်အား စင်ကာပူတပ်မတော်ပူးတွဲစစ်ဆင်ရေးမှူးချုပ် Bri. Gen. Tan Chee Wee ကလည်းကောင်း  တင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသဘာပတိ စင်ကာပူတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Lt. Gen. Perry Lim ဦးဆောင်၍ အာဆီယံနိုင်ငံများမှ တပ်မတော် အကြီးအကဲများက သက်ဆိုင်ရာခေါင်းစဉ်များအား နိုင်ငံအက္ခရာစဉ်အလိုက်ဆွေးနွေး ကြသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခြင်းဖြင့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေး ခေါင်းစဉ်ဖြင့် တင်ပြဆွေနွေးသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဆီယံ၏ဆောင်ပုဒ်ဖြစ်သည့် ''Our Vision, One Identity, One Community '' အတိုင်း မိမိတို့၏ မတူကွဲပြားမှုများကို လိုက်လျောညီထွေမှုရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်သည့် တင်းမာမှုများကို လျော့ချ နိုင်ရန် ယုံကြည်မှုများ တည်ဆောက်ရေးအတွက် မိမိတို့အချင်းချင်းပူးပေါင်း ဆောင်ရွက် မှုများကို ယခုထက် ပိုမို၍ နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ယနေ့ကမ္ဘာကြီးသည် သမားရိုးကျလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ အပြင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ အကြမ်းဖက် တိုက်ခိုက်မှုများ၊ သဘာဝဘေး အန္တရာယ်များ၊ သတင်းအချက်အလက်ဆိုင်ရာ လုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှု၊ လူထုကျန်းမာရေး စသည့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှု မြောက်များစွာနှင့်လည်း ရင်ဆိုင်ကြုံတွေ့ နေရကြောင်း၊ ထို့အပြင် စိန်ခေါ်မှုပုံစံအသစ်ဖြစ်သည့် နည်းပညာဆိုင်ရာ လုံခြုံရေးပြဿနာများကိုလည်း ရင်ဆိုင်ဖြေရှင်းရန် ကြိုတင်ပြင်ဆင် ထားရမည်ဖြစ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော သမားရိုးကျ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကိုကြုံတွေ့ နေရကြောင်း၊ အထူးသဖြင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုများမှတဆင့် ဒေသတွင်း၌အကြမ်းဖက်မှုများ လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်လာနိုင်သောအစွန်းရောက်အဖွဲ့ အစည်းများအား အချိန်မီ တားဆီးနိုင်ရေး သတင်းအချက်အလက်များ ဖလှယ်ရန်နှင့် စဉ်ဆက်မပြတ် စောင့်ကြည့်နိုင်ရန်အတွက် ဒေသတွင်းထောက်လှမ်းရေး အဖွဲ့အစည်းများ အနေဖြင့် အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ၏ တပ်မတော်များအနေဖြင့်လည်း သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှု များကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် အဖက်ဖက်မှ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် အမြဲသတိရှိနေရန်လိုအပ် ပြီးဒေသတွင်းတည်ငြိမ်ရေး၊ လုံခြုံရေးနှင့် ပြည်သူများ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေး အတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေး ဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် မြန်မာနိုင်ငံအနေဖြင့် ကောင်းမွန်သောရလဒ်များ ပေါ်ထွက်လာ စေရေးကြိုးပမ်း အားထုတ်လျက် ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ဆက်လက်၍ အာဆီယံတပ်မတော်များ၏ ၂၀၁၈-၂၀၁၉ နှစ်နှစ်လုပ်ငန်းစီမံချက် ကို ဆွေးနွေးကြပြီး (၁၅)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ  အလွတ်သဘောအစည်းအဝေး (15th ACDFIM) ပူးတွဲကြေငြာချက်ကို လက်မှတ် ရေးထိုးကြသည်။

ထို့နောက် စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က   (၁၆)ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (16th ACDFIM) ကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည့် ထိုင်းဘုရင့်တပ်မတော် ကာကွယ် ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan ထံသို့ တာဝန်လွှဲပြောင်းပေးအပ်သည်။

ယင်းနောက်ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan က လက်ခံနှုတ်ခွန်းဆက် စကားပြောကြားပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan နှင့်လည်းကောင်း၊ မလေးရှားတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tan Sri Raja Mohamed Affandi Bin Raja Mohamed Noor နှင့်လည်းကောင်း နိုင်ငံအလိုက် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ် ၇ ရက် ညပိုင်းတွင် S.E.A Aquarium Resort World Sentosa ရှိ Ocean Gallery ၌ စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt. Gen. Perry Lim က တည်ခင်း ဧည့်ခံသည့် ကြိုဆိုဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်များအား စင်ကာပူတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများသည် Ocean Gallery အတွင်း လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ညစာ စားပွဲ သို့တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ညစာကိုအတူတကွ သုံးဆောင် ကြကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)