နေပြည်တော် ၊ ၂၂ ဒီဇင်ဘာ

(၁၅)ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC) အစည်းအဝေးကို ယနေ့နံနက် နာရီခွဲတွင် နေပြည်တော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့တို့အကြား ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေး၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကုန်သွယ်ရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Zhao Ruigin တို့က ဦးဆောင်၍ ကုန်သွယ်မှုကဏ္ဍအနေဖြင့် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ သစ်သီးဝလံ/ဥယျာဉ်ခြံထွက် ပစ္စည်းများကို တရုတ်နိုင်ငံဈေးကွက်သို့ ပိုမိုအဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ရေးဆိုင်ရာကိစ္စရပ်များအား လည်းကောင်း၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု ကဏ္ဍအနေဖြင့် ကုန်တင်ယာဉ်နှင့် လူဝင်/ ထွက်မှုဆိုင်ရာကိစ္စရပ်များ၊ ကုန်ပစ္စည်းစစ်ဆေးမှုဆိုင်ရာ ကိစ္စရပ်များအား နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

 

အထွေထွေဆွေးနွေးမှုအနေဖြင့် Banking System ဖြင့် တရားဝင်ကုန်သွယ်မှု ပြုလုပ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မူဝါဒအပြောင်းအလဲများအတွက် ကြိုတင်အသိပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် - ကျိန်စန်းကျော့ အသွားအပြန်လမ်းဖောက်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များအား   ရင်းနှီးချစ်ကြည်စွာဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

 

အစည်းအဝေးမှ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည့် ပြောင်းသီးနှံအပါအဝင် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ ပိုမိုမြန်ဆန်စွာတင်ပို့နိုင်ရေးအတွက် ပိုးမွှားကင်းရှင်းမှုဆိုင်ရာ သဘောတူညီချက် (SPS Protocol) များ အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ရေး၊ မပြီးပြတ်သေးသည့် လုပ်ငန်းစဉ်များအား ၂၀၂၁ ခုနှစ်၊ ပထမ (၆) လအတွင်း ပြီးပြတ်အောင် ဆောင်ရွက်သွားကြရေး၊ ကုန်စည်စီးဆင်းမှု လွယ်ကူစေရေးနှင့် ဆောင်းရာသီသစ်သီးဝလံကားများ ပိုမိုများပြားလာမည် ဖြစ်သည့်အတွက် ယာဉ်ကြောကျပ်တည်းမှုများ မရှိစေရေး၊  နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားကြရန်၊ မြန်မာ့ပို့ကုန်ပစ္စည်းများ ခိုင်မာသောဈေးကွက်ရရှိနိုင်ရေးအတွက် အရည်အသွေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဘက်မှ  MITS  နှင့် တရုတ်နိုင်ငံဘက်မှ CCIC တို့ လုပ်ငန်းအကျိုးတူပူးပေါင်းနိုင်မည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး၊ SPS ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ အသိပညာပေးသင်တန်းများ အစရှိသော နည်းပညာပံ့ပိုးမှုများရရှိနိုင်ရေး၊ ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် နှစ်နိုင်ငံ Online ကုန်စည်ပြပွဲများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအပါအဝင် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်နိုင်မည့် အချက်များအပေါ် တရုတ်နိုင်ငံနှင့် အောင်မြင်စွာ ညှိနှိုင်းရရှိသည်။

 

ထို့အပြင် မြန်မာနိုင်ငံ၏ စားသုံးသူရေးရာဥပဒေအရ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် အချက်များအား တရုတ်နိုင်ငံရှိ ကုန်သည်လုပ်ငန်းရှင်များ သိရှိဆောင်ရွက်နိုင်ရန်အတွက် တရုတ်နိုင်ငံဘက်သို့ အသိပေးပြောကြားခဲ့သည်။

 

ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် မြန်မာ-တရုတ်နှစ်နိုင်ငံ၏ အစဉ်အလာကောင်းခဲ့သော ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေပြီး နယ်စပ်ဒေသနှင့် နယ်စပ်နေပြည်သူများ  အကျိုးစီးပွား ပိုမိုတိုးတက်လာစေရန်အတွက် များစွာအထောက်အကူပြုစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး (၁၆) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မမှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC)  အစည်းအဝေးကို  ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပသွားရန် နှစ်ဘက်သဘော တူညီခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်