နေပြည်တော် ဇူလိုင် ၆
(၁၆)ကြိမ်မြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်း အဖွဲ့ အစည်းအဝေးကို ယနေ့၊ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည်။
အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတန်းအတွင်းဝန် ဒေါက်တာညီညီကျော်က နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတွင် သစ်တောကဏ္ဍမှ သစ်နှင့် အခြားသစ်တောထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပြုသကဲ့သို့ ကျေးလက်နေပြည်သူလူထု၏ စားဝတ်နေရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုဧရိယာအနေဖြင့် (FRA 2020) အရ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်း ဖုံးလွှမ်းလျက်ရှိပြီး ကောင်းမွန်သော ရာသီဥတုအခြေအနေကို ဖန်တီးပေးခြင်း၊ မြေနှင့် ရေသယံဇာတ အရင်းအမြစ်များ အား ထိန်းသိမ်းပေးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းနှင့် ဂေဟစနစ် တည်ငြိမ်အောင်ပြုလုပ်ပေးခြင်း စသည့်အကျိုးကျေးဇူးများကို ထောက်ပံ့ပေးလျက်ရှိကြောင်း။
သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်ခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အချိန်နှင့် တစ်ပြေးညီ တိုးတက်ပြောင်းလဲနေသော ကမ္ဘာလုံးဆိုင်ရာ အခြေအနေများနှင့် စက်မှုဖွံ့ဖြိုးရေး အခြေအနေများအရ စဉ်ဆက်မပြတ်ထုတ်လုပ်ရေးမှ ထာဝစဉ်ဖွံ့ဖြိုးတိုးတက်ရေးသို့ ပုံမှန်သမား ရိုးကျ စီမံအုပ်ချုပ်လုပ်ကိုင်ခြင်းမှ ပူးပေါင်းပါဝင်သော စီမံအုပ်ချုပ်လုပ်ကိုင်မှုသို့ ပြောင်းလဲ ဆောင်ရွက်လျက်ရှိကြောင်း။
“မြန်မာနိုင်ငံ သစ်တောများ ပြန်လည်ထူထောင်ရေးစီမံကိန်း”ကို ၂၀၁၇-၁၈ ခုနှစ်မှ ၂၀၂၆-၂၇ ခုနှစ်အထိ လည်းကောင်း၊ “တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည် တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ်”ကို ၂၀၁၉-၂၀ ခုနှစ်မှ ၂၀၂၈-၂၉ ခုနှစ် အထိလည်းကောင်း၊ အမျိုးသားအဆင့် REDD မဟာဗျူဟာများ (National REDD+ Strategies)၊ မြန်မာနိုင်ငံ၏ တရားဝင်သစ် ဖြစ်ကြောင်း အာမခံသည့်စနစ်” (MTLAS) နှင့် “တရားဝင်သစ်တောထွက်ပစ္စည်းများ ဥပဒေနှင့အညီ ကူးသန်းရောင်းဝယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကောင်းမွန်သော သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှု တိုးမြှင့်ဆောင်ရွက်ခြင်း” (FLEGT) စသည့် လုပ်ငန်းများကိုလည်း ကမ္ဘာပေါ်၌ ပြောင်းလဲ တိုးတက်နေသည့် အခြေအနေများ၊ လက်ရှိအခြေအနေများ အပေါ်မူတည်ကာ ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း။
မြန်မာနိုင်ငံအနေဖြင့် နည်းပညာနှင့် ရန်ပုံငွေဆိုင်ရာအခက်အခဲများ၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါ၏ စိန်ခေါ်မှုများကြောင့် သစ်တောစီမံအုပ်ချုပ်မှုတွင် ကန့်သတ်ချက်များရှိနေသော်လည်း အဆိုပါအခက်အခဲနှင့် စိန်ခေါ်မှုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ထိရောက်သော ပူးပေါင်း ပါဝင်ဆောင်ရွက်မှုများဖြင့် ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
အစည်းအဝေးကို အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်သစ်တောအရာရှိများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ လုပ်ငန်းအဖွဲ့ဝင်များတက်ရောက်ကြပြီး အာဆီယံ သစ်တောစီမံအုပ်ချုပ်မှု ဆိုင်ရာလုပ်ငန်းအဖွဲ့ဝင်များက Online စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


