နေပြည်တော် ၂၃ ဇွန်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ ပူးပေါင်း၍ (၁၆) ကြိမ်မြောက် အမျိုးသားအဆင့်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့်ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ILO ဆက်သွယ်ရေးအရာရှိ Mr. Donglin Li နှင့် (ILO) ရန်ကုန်ရုံးမှ ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမျိုးသားအဆင့်သုံးပွင့် ဆိုင်ဆွေးနွေးပွဲ (NTDF) အစည်းအဝေးကို ၄ လတစ်ကြိမ် ပုံမှန်ကျင်းပခဲ့ရာ ဖေဖော်ဝါရီ ၂၅ ရက်တွင် နေပြည်တော်၊ Park Royal Hotel ၌ ၁၅ ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကိုကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် ၁၀ ချက်ချမှတ်ခဲ့ပါကြောင်း၊ လက်ရှိအခြေအနေမှာ ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဖွဲ့စည်း၍ စိန်ခေါ်မှုများကို ပြည်သူနှင့်အတူ ရင်ဆိုင်ကျော်လွှားလျက် ရှိပါကြောင်း၊ (၁၆) ကြိမ်မြောက်ဆွေးနွေးပွဲကို ယခင် အစည်းအဝေးများကဲ့သို့ တစ်နေရာတည်း မျက်နှာချင်းဆိုင်တွေ့ဆုံ၍ ကျင်းပနိုင်ရေးအတွက် ကန့်သတ်ချက်များကြောင့် ယခုလို Video Conferencing စနစ်ဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း။
ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကဏ္ဍအလိုက် အလုပ်သမားများနှင့် အလုပ်အကိုင်အပေါ် များစွာသက်ရောက်ခဲ့ပြီး နိုင်ငံအလိုက်သာမက ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် အထိတုန့်ပြန်မှုအစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍ အထူးသဖြင့် ကုန်သွယ်မှု၊ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ဟိုတယ်နှင့် ခရီးသွားလာမှု ကဏ္ဍများတွင် သက်ရောက်မှုများခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ပြည်သူလူထု ကျန်းမာရေးကို ဦးစားပေးဆောင်ရွက်နေပြီး စီးပွားရေး ပြန်လည်ထူထောင်ရန်နှင့် စီးပွားရေး အကျိုးသက်ရောက် မှုများအပေါ် လျော့ပါးသက်သာစေရန် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် Covid – 19 Economic Relief Plan (CERP) ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း။
အလုပ်သမားများအပေါ် ကိုဗစ်-၁၉ သက်ရောက်မှုများကို တုန့်ပြန်မည့် သက်ဆိုင်ရာမူဝါဒများ ချမှတ်၍ အစီအစဉ်တကျ ဆောင်ရွက်ပေးလျက်ရှိရာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများ ဖြေလျှော့ပေးသည့် အနေဖြင့် မြန်မာကျပ်ငွေဘီလီယံ ၁၀၀ ကို ကနဦး မတည်ပေးခဲ့ပြီး CMP ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ MSMEs များကို နှစ်စဉ်အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ထောက်ပံ့ကာ ၂၀၂၀ ပြည့်နှစ် မကုန်မီ ထပ်မံတိုးမြှင့် ဆောင်ရွက်ပေးရန် စီမံထားရှိပါကြောင်း။
လူမှုဖူလုံရေး ထည့်ဝင်ကြေးများကို ၃ လခန့် ဆိုင်းငံ့ပေးခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့် လူမှုဖူလုံရေး အကျုံးဝင်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကျိုးခံစားခွင့်များကို အလုပ်လက်မဲ့ ဖြစ်သည့် နေ့မှစ၍ ၆ လမှ ၁ နှစ်အထိ တိုးမြှင့်ပေးခြင်း၊ ဆေးကုသမှုနှင့် ခရီးသွားလာမှု အကျိုးခံစားခွင့်များကို အလုပ်လက်မဲ့ဖြစ်သည့်နေ့မှစ၍ ၆ လမှ ၁ နှစ်အထိ တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အငယ်ဆုံးအသက် ပြဋ္ဌာန်းချက်အမှတ် ၁၃၈ ကို လက်ခံကျင့်သုံးရန် ဇွန် ၈ ရက်တွင် ILO ညွှန်ကြားရေးမှူးချုပ်ထံပေးပို့ မှတ်ပုံတင်ခဲ့ပြီးဖြစ်ပါသဖြင့် ယင်းရက်တွင် စတင် အာဏာသက်ဝင်မည်ဖြစ်သည်ကို သုံးပွင့်ဆိုင် ကိုယ်စားလှယ်များအား အသိပေးလိုပါကြောင်း။
အာဆီယံဒေသအဆင့် ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် မေ ၁၄ ရက်တွင် “အလုပ်သမား၊ အလုပ်အကိုင်နှင့် ပတ်သက်၍ ကိုဗစ်-၁၉ သက်ရောက်မှုများကို တုန့်ပြန်ခြင်းဆိုင်ရာ အာဆီယံ အလုပ်သမားဝန်ကြီးများအဆင့် အထူးအစည်းအဝေး”ကို Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ အစည်းအဝေးတွင် အာဆီယံအလုပ်သမားဝန်ကြီးများ၏ ပူးတွဲသဘောတူညီချက်ကို အတည်ပြုခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် ကူးစက်ခံရသော အလုပ်သမားအားလုံးကို ခွဲခြားမှု မရှိစေဘဲ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ဆေးကုသမှုဆိုင်ရာ အကူအညီများပေးရန်၊ နိုင်ငံအဆင့် နှင့်ဒေသဆိုင်ရာ အဆင့်တွင် တုန့်ပြန်မှုရှိသော အလုပ်သမားဈေးကွက်မူဝါဒ၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစံနှုန်းများ လူမှုရေး အကာအကွယ်စနစ်များ၏ ထိရောက်မှုရှိပြီး ဟန်ချက်ညီသည့် လူမှုရေးတွေ့ဆုံ ဆွေးနွေးမှုမှတဆင့် အားဖြည့်ဆောင်ရွက်ရန်၊ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေး အစီအစဉ်များနှင့် လျင်မြန်သော တုန့်ပြန်ဆောင်ရွက်ရေးကို ထောက်ပံ့ကူညီရန် ဗဟုသုတများမျှဝေခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာ အကူအညီပေးရေး၊ အရင်းအမြစ်များ ရွှေ့ပြောင်းခြင်းကဲ့သို့ အပြန်အလှန် သဘောတူညီထားသည့် နယ်ပယ်များတွင် အာဆီယံဆွေးနွေးဖက်များနှင့် အခြားသော ပါဝင်ပတ်သက်သူများ၊ သုံးပွင့်ဆိုင်မိတ်ဖက်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်တို့ ပါဝင်ပါကြောင်း။
ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်သမားများနှင့် အလုပ်အကိုင်အပေါ် သက်ရောက်မှုများကို ILO ညွှန်ကြားရေးမှူးချုပ်၊ Mr. Guy Ryder နှင့် ဝန်ကြီးများ Open Session ဆွေးနွေးခဲ့ပြီး ILO ညွှန်ကြားရေးမှူးချုပ်မှ ကိုဗစ်-၁၉ အကြပ်အတည်းကာလကို ကျော်လွှားရန်နှင့် ကပ်ရောဂါ သက်ရောက်မှုကိုခံစားနေရသည့် အာဆီယံပြည်သူများကို ကူညီရန်သာမက ကပ်ရောဂါ ကာလအလွန် အာဆီယံမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါကြောင်း။
ယနေ့ဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေး အစီအစဉ်များ၊ ကောင်းမွန်သော အလေ့အကျင့်များ၊ သင်ခန်းစာများ၊ ဆက်လက်ဆောင်ရွက်ရမည့် ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များအကြား သတင်းအချက်အလက်များ မျှဝေဖလှယ်ခြင်းဖြင့် ရလဒ်ကောင်းများ ရရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် Video Conferencing စနစ်ဖြင့် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြမည့် ILO ဆက်သွယ်ရေးအရာရှိ Mr. Donglin Li ၊ အလုပ်သမားကိုယ်စားလှယ်နှင့် အလုပ်ရှင်ကိုယ်စားလှယ် တို့မှ အသီးသီးနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ လက်ရှိတွေ့ကြုံနေရသည့် အလုပ်သမားရေးရာ ကိစ္စရပ်များနှင့် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ဆက်လက်ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


