(၁၆) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ  အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန် ၂၈ မေ 

၂၀၁၉ ခုနှစ်၊ မေ(၁၆) ရက်မှ (၂၁) ရက်အထိ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် (၁၆) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ (16th South East Asian Body Building & Physique Sports Championships 2019) ပြိုင်ပွဲတွင် ရွှေတံဆိပ် (၉)ခု၊ ငွေတံဆိပ် (၁၀)ခု၊ ကြေးတံဆိပ် (၁၀) ခုဖြင့် အောင်မြင်မှုရရှိခဲ့သည့် အောင်ပွဲရ မြန်မာကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ည (၇) နာရီက ရန်ကုန်တိုင်းဒေသကြီး၊  မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း (၈)မိုင်လမ်းဆုံရှိ Hotel Yangon ,Royal Garden Ball Room ၌ ကျင်းသည်။

ရှေးဦးစွာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုးက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြိုင်ပွဲတွင် ပထမရွှေတံဆိပ်ဆုရရှိခဲ့ကြသော အားကစားသမား (၉) ဦးအား  တစ်ဦးလျှင် ရွှေ(၁) ကျပ်သားနှင့်အတူ ဆုငွေ ကျပ် (၅) သိန်းစီ၊ ဒုတိယ ငွေတံဆိပ် ဆုရရှိခဲ့ကြသော အားကစားသမား (၁၀) ဦးအား တစ်ဦးလျှင် ဆုငွေ ကျပ် (၄) သိန်းစီကို လည်းကောင်း၊ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီက တတိယ ကြေးတံဆိပ်ဆု ရရှိခဲ့ကြသော အားကစားသမား (၁၀) ဦးအား တစ်ဦးလျှင် ဆုငွေကျပ် (၃) သိန်းစီနှင့် အားကစားပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သော ဒိုင်လူကြီးများ၊ နည်းပြနှင့် စခန်းအုပ်ချုပ်သူများအား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေ ကျပ်(၂)သိန်းစီအား ပေးအပ်ချီးမြှင့်ခဲ့ပြီး VX အားကစား ဆေးကုမ္ပဏီမှ အောင်ပွဲရအားကစားသမားများနှင့် နည်းပြ၊ ဒိုင်လူကြီးများကို ငွေကျပ်(၁)သိန်းစီနှင့် အားဆေးပစ္စည်းများ ပေးအပ်ချီးမြှင့်ကာ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်