ရန်ကုန် ဇွန် ၂၇
မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ၏ (၁၆) ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များအား ပူဇော်ကန်တော့ပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကန်တော်ကြီး Dolphin Hall ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှမိသားစုက ငွေကျပ် သိန်း ၁၀၀ လှူဒါန်းသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် အလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များ၊ ကန်တော့ခံ သက်ကြီးဂီတပညာရှင်များနှင့် ဂီတ၊ ရုပ်ရှင်၊ စာပေ၊ သဘင်မှ ဖိတ်ကြားထားသူများနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က မုဒိတာစကားပြောကြားကာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) အထွေထွေအတွင်းရေးမှူးက သက်ကြီးပူဇော်ပွဲအတွက် လှူဒါန်းရရှိသော အလှူငွေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ မိသားစုက လှူဒါန်းသည့် ငွေကျပ်သိန်း ၁၀၀ ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌက လက်ခံရယူသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာနက လှူဒါန်းသည့် ငွေကျပ် သိန်း ၃၀၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသည့် ငွေကျပ် ၁၅၈ သိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လှူဒါန်းသည့် ငွေကျပ် ငါးသိန်း အပါအဝင် စုစုပေါင်း ငွေကျပ် ၃၁၂၆၀၀၀၀ နှင့် ပစ္စည်းများကို အလှူရှင်များက ပေးအပ်လှူဒါန်းကြရာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် တက်ရောက်လာကြသူများက အသက် (၇၅) နှစ်နှင့်အထက် ကန်တော့ခံသက်ကြီးဂီတပညာရှင်ကြီး ၁၅၈ ဦးအား ကန်တော့ကြပြီး ကန်တော့ခံပစ္စည်းများနှင့် ဂါရဝပြုဂုဏ်ပြုငွေများ ပေးအပ်ကြသည်။ ယင်းနောက် ကန်တော့ခံသက်ကြီးဂီတပညာရှင်ကြီးများကိုယ်စား တေးသံရှင် မြန်မာပြည်သိန်းတန်က ဆုတောင်းမေတ္တာပို့ဩဝါဒစကား ပြောကြားခဲ့သည်။
သတင်းစဉ်


