ကန့်ဘလူ ၂၉ ဖေဖော်ဝါရီ
မြို့နယ်မှပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးမည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန၏ (၁၆)ခုတင်ဆံ့ ကန့်ဘလူမြို့တိုင်းရင်းဆေးရုံဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၉ နာရီ ၁၀ မိနစ်က ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်ရှိ အဆိုပါဆေးရုံ၌ကျင်းပသည်။
ဖွင့်ပွဲတွင် တိုင်းရင်းဆေးရုံဆိုင်းဘုတ်မုခ်ဦးရှေ့၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်မျိုးချစ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဆွေ၊ ကန့်ဘလူခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး တိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကာ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ဒုတိယပိုင်းအခမ်းအနား ဆက်လက်ကျင်းပရာ လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းက မြန်မာ့တိုင်းရင်းဆေးပညာအဆင့်အတန်း မြှင့်တင်ရေးနှင့် မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပြည်သူတို့အားကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်လွှမ်းခြုံပေးနိုင်ရေးတို့ကို အမျိုးသားကျန်းမာရေးဆိုင်ရာ မူဝါဒတစ်ရပ်အဖြစ် ထည့်သွင်းသတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းဆေးရုံ၊ ဆေးကုဌာနများကို တိုးချဲ့ဖွင့်လှစ်ပေးနေသကဲ့သို့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် အရည်အသွေးပြည့်ဝသော တိုင်းရင်းဆေးပညာရှင်များကို မွေးထုတ်ပေးနိုင်ရန်အတွက် တိုင်းရင်းဆေးတက္ကသိုလ်ကြီးကိုလည်း တည်ဆောက်ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊
စစ်ကိုင်းတိုင်းဒေသကြီးမှာ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် တိုင်းရင်းဆေးရုံ ၈ ရုံ၊ ခရိုင်အဆင့် တိုင်းရင်းဆေးကုဌာန ၅ ခု၊ မြို့နယ်တိုင်းရင်းဆေးကုဌာန ၁၉ ခု၊ မြို့နယ်ခွဲတိုင်းရင်းဆေးကုဌာန ၈ ခုတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း၊ ယင်းဖွင့်လှစ်ထားသော တိုင်းရင်းဆေးရုံ၊ ဆေးကုဌာနများမှ အတွင်းလူနာပေါင်း ၁၇၂၅ ဦး၊ပြင်ပ လူနာပေါင်း ၁၄၇၆၃၀ ဦးတို့ကို တိုင်းရင်းဆေးပညာဖြင့် ကုသပေးနိုင်ခဲ့ကြောင်း၊ ယခု (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ ကန့်ဘလူမြို့မှ ာဖွင့်လှစ်နိုင်ခဲ့လို့ မြို့နယ်အတွင်းရှိ ပြည်သူများအား တိုင်းရင်းဆေးပညာဖြင့် အချိန်ပြည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တော့မှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ဦးကျော်ဆွေက တိုင်းရင်းဆေးရုံဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်မျိုးချစ်က အမှာစကားပြောကြားကာ ဒေသခံပြည်သူများကိုယ်စား မြို့မိမြို့ဖ ဥက္ကဌ ဦးဉာဏ်မင်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ ဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံကို ပြည်သူများ၏ကျန်းမာရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန၏ ရည်မှန်းချက်များနှင့်အညီ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစ၍ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၅၅ ဒသမ ၅၅ သန်းဖြင့် အလျား ၁၂၄ ပေ၊အနံ ၆၄ ပေ၊အမြင့် ၁၃ ပေရှိ အာရ်စီတစ်ထပ်အဆောက်အအုံ အဖြစ်ဆောက်လုပ်ခဲ့ကာ ဆေးရုံနှင့်အတူ လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာကိုလည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၄၁၆ ဒသမ ၆၄၀ သန်းဖြင့် ဆောက်လုပ်ခဲ့ပြီး ဆေးရုံကို ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ပြင်ပလူနာဌာနဖွင့်လှစ်၍ အထွေထွေရောဂါများ အခမဲ့ကုသပေးလျက်ရှိကြောင်း၊၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကစတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အချိန်အထိ ပြင်ပလူနာ ၁၀၄၉၂ ဦးတို့ကိုတိုင်းရင်းဆေးပညာဖြင့် ကုသမှုပေးနိုင်ခဲ့ပြီး၊
ရပ်ကွက်၊ကျေးရွာများ၊စာသင်ကျောင်းများတွင်လည်း ကွင်းဆင်း ဆေးကုသခြင်း၊ ကျန်းမာရေးပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကွင်းဆင်းလူနာ ၆၅၅၅ ဦး၊ ပညာပေးဟောပြောပွဲအကြိမ်ပေါင်း ၈၀ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ်ဒေါ်သန်းသန်းလတ်က ပြောသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


