မန္တလေး ၃၁ သြဂုတ်


(၁၆)ကြိမ် သောတာပန် ဆီအလှူတော် မင်္ဂလာအခမ်းအနားကို သြဂုတ်၂၉ ရက် နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ် လမ်း ၈၀၊ ၁၇ လမ်းနှင့် ၁၈ လမ်းကြားရှိ ရှိုင်းဟုတ်ကုမ္ပဏီ ရုံးခန်းတွင် ကျင်းပသည်။ 


အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ မြတောင်တိုက်သမ္မတစာချ ကျောင်းဆရာတော် ဘဒ္ဒန္တအင်္ကုရ၊ မဟာဝိသုဒ္ဓါရုံရွှေကျင်နိကာယ ဥပဥက္ကဌစည်ရှင် ဆရာတော်ဘဒ္ဒန္တ အဂ္ဂဉာဏဘိဝံသ၊ ရွှေကျင်နိကာယ အကျိုးတော်ဆောင် အဝေရာရာမရန်ကင်းဆရာတော် ဘဒ္ဒန္တ သြဒါသသိရိဘိဝံသ၊ ရန်ကုန်မြို့အပြည်ပြည် ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မဟာဌာနမှူး ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒနှင့် ပင့် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။


အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မဟာဝိသုဒ္ဓါရုံရွှေကျင်နိကာယဥပ ဥက္ကဋ္ဌ စည်ရှင် ဆရာတော်ဘဒ္ဒန္တအဂ္ဂဉာဏဘိဝံသထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ရှစ်ပါးသီလ ခံယူကြပြီးဆရာတော်ကြီးများချီးမြှင့်သည့် ပရိတ်တရားတော်များ နာယူကြသည်။


ထို့နောက်မြတောင် တိုက်သမ္မတစာချ  ကျောင်းဆရာတော်ဘဒ္ဒန္တ အင်္ကုရကသြဝါဒကထာ မိန့်ကြားသည်။ ထို့နောက် ဓမ္မဒူတ ဒါယကာများက ဆရာတော်ကြီးများအား လှူဘွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ရွှေကျင်နိကာယ အကျိုးတော်ဆောင် အဝေရာရာမရန်ကင်းဆရာတော် ဘဒ္ဒန္တသြဒါတသီရိဘိဝံသက ရေစက်ချတရား ချီးမြှင့်ပြီး ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်သည်။


(၁၆)ကြိမ်မြောက် သောတာပန်ဆီ အလှူတော်တွင် မန္တလေးခရိုင်တွင် ဝါဆိုသံဃာ ၂၅ ပါးနှင့် အထက်ရှိသော ကျောင်းတိုက် ၂၉၈ တိုက်အား ဆီပိဿာပေါင်း ၁၀၉၇၀ ပိဿာ၊ ဆား ၄၆၆၅ ပိဿာနှင့် ဆေးမျိုးစုံတို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။ 


မောင်ပြည်သူ(မန္တလေး)