နေပြည်တော်      ဇွန်       ၂၈

 

(၁၆)ကြိမ်မြောက် အာဆီယံ-တရုတ် လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ဖိုရမ်ကို ဇွန် ၂၈ ရက် နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ The National Rural Revitalization Administration မှ အိမ်ရှင်အဖြစ် လက်ခံ၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

ဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အမျိုးသားကျေးလက်ဖွံ့ဖြိုးရေးနှင့် ပြန်လည်ဆန်းသစ်ရေး စီမံခန့်ခွဲမှုအဖွဲ့မှ Administrator H.E. LUI Huanxin က အဖွင့်မိန့်ခွန်းပြောကြားပြီး အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ် H.E. Ekkaphab Phanthavong တို့က လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုတိုးတက်ရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက “အာဆီယံနိုင်ငံများအနေဖြင့် ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု အစီအစဉ်အား ပြည့်မီစွာဆောင်ရွက်ရမည့် သတ်မှတ်ကာလဟာ  နီးကပ်နေပြီကြောင်း၊ လွန်ခဲ့သည့် နှစ်များအတွင်း ကမ္ဘာ့ကူးစက် ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် မမျှော်မှန်းထားသည့် စိန်ခေါ်မှုအခက်အခဲများ၊ အလှည့်အပြောင်းများ ကြုံတွေ့ခဲ့ရပြီး ခက်ခက်ခဲခဲ ကိုင်တွယ်ဖြေရှင်းခဲ့ရကြောင်း၊ အာဆီယံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်မူဘောင် ၂၀၂၁-၂၀၂၅ ကို ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ပေါင်းစည်းဆောင်ရွက်ရေးဆိုင်ရာ လမ်းညွှန်ချက်တစ်ခုအဖြစ် ရေးဆွဲချမှတ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့် မိမိတို့မြန်မာနိုင်ငံ အနေဖြင့် စဉ်ဆက်မပြတ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အောင်မြင်နိုင်စေရန်အတွက် မြို့ပြနှင့် ကျေးလက်ဒေသများ အကြား၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး ဆောင်ရွက်သွားရန် မျှော်မှန်းထားရှိပြီးဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ် သမဝါယမကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများ၊ ကျေးလက်အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ ဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအစိုးရ၏ ငွေကြေးပံ့ပိုး ကူညီမှုများဖြင့် ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်းကို ၂၀၂၁ ခုနှစ်တွင် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လက်တလောကာလတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေအောက်မှ ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စီမံကိန်းအဆင့်(၂)၊ ကျေးလက်ရေရရှိရေး စီမံကိန်း၊ ကျေးလက်မီးလင်းရေး စီမံကိန်းနှင့် ဘက်စုံကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း၊ တရုတ် နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု ပပျောက်‌ရေးဆိုင်ရာ အောင်မြင်မှုများဟာ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များအတွက် အဖိုးတန်သော စံနမူနာများအဖြစ် အသုံးချနိုင်မည်ဟုလည်း မိမိတို့အနေဖြင့် ယုံကြည်မိကြောင်း၊ မိမိတို့အားလုံး သဘောတူညီထားသော ဘုံရည်မှန်းချက် ပန်းတိုင်ကို အရောက်လှမ်းနိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့ မြန်မာနိုင်ငံအနေဖြင့် သာယာဝပြောသော အမိမြေကို တည်ဆောက်ရာတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ မိတ်ဖက် နိုင်ငံများ အားလုံးနှင့်အတူ လက်တွဲပူးပေါင်း၍ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်ကိုယ်စားလှယ်ကြီးများက လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ရည်မှန်းချက်များနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု၊ အောင်မြင်မှု၊ အတွေ့အကြုံ ကောင်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားကြသည်။ ယင်းနောက် လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုကဏ္ဍနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူနေမှု အဆင့်အတန်း ပတ်ဝန်းကျင် တိုးတက်ပြောင်းလဲရေးဆိုင်ရာ ကဏ္ဍတို့ကို အုပ်စုများခွဲ၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားကျေးလက်ဖွံ့ဖြိုးရေးနှင့် ပြန်လည်ဆန်းသစ်ရေးစီမံခန့်ခွဲမှုအဖွဲ့မှ Administrator H.E. LUI Huanxin နှင့် အဖွဲ့ဝင်များ၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံမှ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျှော့ချရေးဗဟိုဌာန (IPRCC) မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

 

သတင်းစဉ်