နေပြည်တော် ဩဂုတ် ၉
(၁၆)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဩဂုတ် ၈ ရက်မှ ၁၀ ရက်အထိ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ရှိ National Convention Center ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၈ ရက် မနက်ပိုင်းတွင် ကျင်းပ ပြုလုပ်သည့် အာဆီယံကျန်းမာရေးဝန်ကြီးများ၏ အာဆီယံကျန်းမာရေးကဏ္ဍ လုပ်ငန်းများသုံးသပ် ခြင်းနှင့် ၂၀၂၅ အလွန် ကျန်းမာရေးကဏ္ဍ ဦးစားပေးအစီအစဉ်များ သတ်မှတ်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး အာဆီယံအဖွဲ့ကြီးအနေဖြင့် ပိုမိုကျန်းမာကောင်းမွန်သော၊ ပိုမိုတည်တံ့ ခိုင်မြဲသော၊ အာဆီယံအသိုင်းအဝန်းဖြစ်ပေါ်စေရေးအတွက် ကျန်းမာသောလူနေမှုဘဝပုံစံမြှင့်တင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားကောင်းအောင်ဆောင်ရွက်ရေး၊ အသစ်ဖြစ်ပေါ်လာမည့် ကူးစက် ရောဂါများနှင့် ပြန်လည်ခေါင်းထောင်လာမည့် ကူးစက်ရောဂါများကို စောင့်ကြည့်ခြင်းနှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လူတိုင်းလက်လှမ်းမှီရရှိစေရေး (Universal Health Coverage)၊ သဘာဝဘေးဒဏ်ခံနိုင်ရည် ရှိသော ကျန်းမာရေးစနစ်အဆင့်မြှင့်တင်ရေး၊ ပြောင်းလဲတိုးတက်လာသည့် ဒီဂျီတယ်နည်းပညာ အသုံးပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရည်အသွေးမြှင့်တင်နိုင်ရေး၊ လူနာများ ဘေးကင်းလုံခြုံရေးနှင့် အစားအသောက်ဘေးကင်းလုံခြုံစိတ်ချရမှု တိုးမြှင့်ပူးပေါင်း ဆောင်ရွက်ရေး၊ အားကောင်းခိုင်မာသော ကျန်းမာရေးစနစ်မြှင့်တင်ရေးအတွက် ကျန်းမာရေးကဏ္ဍ၊ ဘဏ္ဍာ ရေးကဏ္ဍနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး စသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အာဆီယံအဖွဲ့ကြီးနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)တို့၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုသည် ကျန်းမာရေး အရေးပေါ်အခြေအနေများတွင် မိမိတို့အဖွဲ့ဝင်နိုင်ငံများ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုသည် လည်းကောင်း၊ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုသည်လည်းကောင်း အလွန်အရေးကြီးသည်ကို မီးမောင်းထိုးပြလျက်ရှိကြောင်း၊ ကပ်ရောဂါ ကာလအစပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထောက်ပံ့မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်း ခဲ့သော်လည်း မိတ်ဆွေနိုင်ငံများ၏ ပူးပေါင်းကူညီပံ့ပိုးမှု၊ ပြည်တွင်းမှ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုအားဖြင့် ကပ်ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အောင်မြင် အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း။
အလားတူ ကိုဗစ်-၁၉ကပ်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် ပုံမှန်ကာကွယ်ဆေး ထိုးလုပ်ငန်း များတွင်လည်း နိုင်ငံတော်အစိုးရ၏ပံ့ပိုးမှု၊ ဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်မှု၊ ပြည်သူလူထု၏ ပူးပေါင်းမှုဖြင့် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ (၂၀၂၁) ခုနှစ်မှ (၂၀၂၂) ခုနှစ်အတွင်း ကာကွယ်ဆေးလုံးဝ ထိုးနှံနိုင်ခြင်းမရှိခဲ့သည့် ကလေးငယ်များကို (၃)ဆခန့် လျှော့ချ နိုင်ခဲ့ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၂-၂၃)အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံ၏ ကာကွယ်ဆေးထိုး လုပ်ငန်းအောင်မြင်မှုများကို အသိအမှတ်ပြု မှတ်တမ်းတင် ထုတ်ပြန်ထားကြောင်း၊ ဆက်လက်၍ ပိုမိုပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးများသို့ အာဆီယံနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့ တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၊ အနောက်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၊ အာဆီယံအတွင်းရေးမှုးချုပ်ရုံးမှ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


