(၁၆)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကျင်းပ

နေပြည်တော် ၉ ဇူလိုင်

(၁၆)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ ကျင်းပသည်။

(၁၆)ကြိမ်မြောက် အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာတင်မျိုးဝင်း၊ ဒေါက်တာ ဆလိုင်းလျန် မှုန်းဆာခေါင်း၊ ဦးသုဝေ၊ ပူးတွဲကော်မတီဝင်များဖြစ်ကြသည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံ ရေးပါတီများ အစုအဖွဲ့တို့မှ UPDJC ကိုယ်စားလှယ်များ၊ အကျိုးဆောင်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ယနေ့အစည်းအဝေးသည် UPDJC အဖွဲ့ဝင်များအနေဖြင့် လာမည့်ညီလာခံကိုတင်ပြမည့် အခြေခံမူ အဆိုပြုမူဝါဒ များ ချမှတ်ပေးနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် မိမိတို့နိုင်ငံ၏ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအနာဂတ်အတွက် ယနေ့ အစည်းအဝေးသည် အရေးကြီးသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ UPDJC က ချမှတ်ပေးလိုက်သည့် နိုင်ငံ ရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်၊ လုပ်ငန်းလမ်းညွှန်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီးတင်ပြလာသည့် စာတမ်းများကိုပြီးခဲ့သည့် (၁၅)ကြိမ်မြောက် UPDJC တွင် အတည်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီများ ခေါ်ယူကျင်းပပြီး ဆွေးနွေးကြ ကာ ပြန်လည်တင်ပြလာသည့် အခြေခံမူအဆိုပြုချက်များကို ယခုအစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးပြီး ညီလာခံကိုဆက်ပြီးတင်ပြရမည်ဖြစ်သည့်အတွက် ယနေ့ UPDJC အစည်းအဝေးသည် အထူးပင်အရေးကြီးပါကြောင်း။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ UPDJC က အဓိကတာဝန်ရှိသည့်အတိုင်း အသွင် လက္ခဏာအရနှင့် အနှစ်သာရအရပါ အောင်မြင်သည့် ညီလာခံဖြစ်အောင် UPDJC ခေါင်းဆောင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် အရေးကြီးလှပါကြောင်း၊ မူဘောင်များ၊ လုပ်ငန်းလမ်းညွှန်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံရေးဆွေးနွေး ပွဲများတွင် ငြင်းကြ၊ ခုန်ကြ၊ ဆွေးနွေးကြပြီး တစ်ခါတစ်လေ ပြင်းပြင်းထန်ထန်၊ တစ်ခါတစ်လေ ပြေပြေလည်လည်ဖြင့် နားလည်မှုများ၊ ယုံကြည်မှုများမှတစ်ဆင့် ရင်းနှီးမှုများတည်ဆောက်နိုင်သည့် ခြေအနေအထိရောက်ရှိနေပြီဖြစ်ပါကြောင်း။

နိုင်ငံရေးဆွေးနွေးပွဲများ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် တစ်ဦးနှင့် တစ်ဦး နားလည်မှုရှိရှိ၊ စာနာရိုင်းပင်းမှုများထားပြီး လျှောက်လှမ်းလာခဲ့ကြသည့် UPDJC ဖြတ်သန်းလာခဲ့သည့် ခရီးလမ်းတွင် မိမိတို့အားလုံး ပြည်သူများ လိုလားတောင့်တ နေသော ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်အောင် ဦးတည်ချက်ထားပြီး ကြိုးပမ်း ဆောင်ရွက်နေကြ ခြင်းပင်ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံတွင် ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် ခေတ်အဆက်ဆက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယနေ့ မိမိတို့ ပါဝင်လုပ်ဆောင်နေသည့် UPDJC ကဲ့သို့ နိုင်ငံရေးဆွေးနွေးပွဲများကို မူဘောင်များ၊ လုပ်ငန်းလမ်းညွှန်များချမှတ်ပြီး စနစ်တကျ လုပ်ဆောင် နိုင်ခဲ့ခြင်းမရှိခဲ့ပါကြောင်း၊ UPDJC ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများကို စနစ်တကျ ခိုင်ခိုင်မာမာ ကျင်းပနိုင်အောင် ချမှတ်ပေးခဲ့ကြသည့် အတွက် အဆင်ပြေပြေ ဆောင်ရွက်နေသည်ကိုလည်း အားလုံးအသိပင်ဖြစ်ပါကြောင်း။

နိုင်ငံရေးဆွေးနွေးပွဲများတွင် အဓိကအရေးအကြီးဆုံးအချက်သည် မိမိတို့အားလုံး ဦးတည်ကြိုးပမ်းနေသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေး အတွက် အခြေခံအုတ်မြစ်အဖြစ် ချမှတ်နိုင်မည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ထွက်ပေါ်လာရေးပင်ဖြစ်ပါကြောင်း၊ ထိုတာဝန်၊ ထိုရည်မှန်းချက်သည် မိမိတို့ UPDJC ၏ တာဝန်နှင့် ရည်မှန်းချက်လည်းဖြစ်ပါကြောင်း၊ မိမိတို့အားလုံးသည် အစုအဖွဲ့များ ဘယ်လိုပင် ကွဲပြားကွဲပြား၊ UPDJC ဆိုသည့် တစ်ဖွဲ့တည်း၊ တစ်သင်း တည်းစိတ်ဓါတ်မျိုးထားရှိပြီး နားလည်မှုရှိရှိပူးပေါင်းဆောင်ရွက်ကြရန် အင်မတန် အရေး ကြီးလှပါကြောင်း၊ နောင်လာမည့် သမိုင်းစာမျက်နှာများတွင် UPDJC ၏ အခန်းကဏ္ဍ ဖြစ်တည်လာမည့် မှတ်တိုင်များကို မိမိတို့အားလုံး ပူးတွဲစိုက်ထူနေကြခြင်းဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံ၏ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို ဖန်တီးခဲ့သူများက ယခု အစည်းအဝေးတွင် ထိုင်နေသည့် ပုဂ္ဂိုလ်များ မဟုတ်ပါကြောင်း၊ မိမိတို့လက်ထက်အထိ လက်ဆင့်ကမ်းလွှဲပြောင်းပေးခဲ့သည့် ပဋိပက္ခနှင့်အတူ မိမိတို့ရင်ထဲကို အာဃာတတရား များကိုပါ လွှဲပြောင်းပေးခံရသည်မျိုးမဖြစ်အောင် အထူးသတိပြုကြရန် လိုပါကြောင်း၊ ပဋိပက္ခများ၏ အဓိကဇစ်မြစ်ဖြစ်သည့် နိုင်ငံရေးပြဿနာများ ပြေလည်အောင် ယနေ့ မိမိတို့ ကြိုးပမ်းနေကြခြင်းဖြစ်ပါကြောင်း။

ပြစ်တင်ဝေဖန်ခြင်း၊ လက်ညိုးထိုးခြင်းက ပဋိပက္ခများကို ပြေလည်အောင် ဆောင်ရွက်ရာတွင် အထောက်အကူမပြုနိုင်ပါကြောင်း၊ ယနေ့အထိ မိမိတို့နိုင်ငံတွင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခမချုပ်ငြိမ်းနိုင်သေးပါကြောင်း၊ ထို့ကြောင့် မိမိတို့ လက်ထက်တွင် ပြဿနာများ ချုပ်ငြိမ်းစေအောင် ကြိုးပမ်းနေခြင်းဖြစ်ပါကြောင်း၊ မိမိတို့ UPDJC သည် ပြဿနာများ ဖန်တီးနေကြခြင်းမဟုတ်ဘဲ ပြဿနာများပြေလည်အောင် ကြိုးပမ်းနေသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ အတိတ်ကိုပြန်ပြီး အသက်သွင်းနေကြ ပါက အတိတ်၏ အရိပ်အောက်တွင်ပင်ရောက်နေမည်ဖြစ်သည့်အတွက် UPDJC ခန်းမ ထဲဝင်ရောက်လာချိန်တွင် အတိတ်ကိုသင်ခန်းစာယူပြီး အနာဂတ်ကိုမျက်နှာမူကြရန် မေတ္တာရပ်ခံလိုပါကြောင်း။

ငြိမ်းချမ်းရေးကို အမှန်တစ်ကယ်လိုလားသည့် နိုင်ငံရေးစိတ်ရင်းဆန္ဒကို အခြေခံ ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူများကို ချဉ်းကပ်ကြရန်လိုအပ်ပါကြောင်း၊ မတူညီကွဲပြားသည့် နိုင်ငံရေးခံယူချက်များရှိနေသည့် မိမိတို့အားလုံး၏ လိုလားချက် သည် အနာဂတ်တွင် ထွက်ပေါ်လာမည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပါ ကြောင်း၊ အဆိုပါ ပြည်ထောင်စုကို မည်သို့တည်ဆောက်မည်ဆိုခြင်းသည် မည်သို့သော ပြည် ထောင်စုမျိုးဖြစ်စေချင်သည်ဟုဆိုကာ အစုအဖွဲ့အသီးသီးက စိတ်ကူးပုံဖော်ထား ကြမှုများနှင့် တစ်ထပ်တည်း ကျမည်မဟုတ်ပါကြောင်း၊ ကွဲပြားမှုများထဲက တူညီမှုများ ကို ရှာဖွေပြီးဘုံတူညီချက်များချမှတ်ရာတွင် အစုအဖွဲ့အားလုံးအနေဖြင့် မိမိမျှော်လင့် သလိုရာနှုန်းပြည့်တော့ ရရှိနိုင်မည်မဟုတ်ပါကြောင်း။

မိမိတို့အားလုံး သဘောတူထား သည့်အတိုင်း UPDJC သည် စေ့စပ်ညှိနှိုင်းမှု အဓိကလုပ်ရမည့် Negotiating Body ဖြစ်ပြီး ယင်းသို့ ဖြစ်သည်နှင့်အညီ ဆွေးနွေးညှိ နှိုင်းနိုင်သည့် အခင်းအကျင်းမျိုးဖန်တီးပေးရန်၊ ထိုသို့ ဖန်တီးပေးနိုင်အောင်လည်း သက်ဆိုင်ရာခေါင်းဆောင်များထံမှ ယတိပြတ်မူဝါဒမျိုးမဟုတ်ဘဲ ရွေးချယ်စရာနည်း လမ်း(၂)ခုသို့မဟုတ် (၃)ခုစသဖြင့် ယူဆောင်လာရန် လိုအပ်ပါကြောင်း၊ စေ့စပ်ညှိနှိုင်း အဖြေရှာခြင်း သဘောတရားကို နှလုံးသွင်းပြီး အပေး အယူ၊ အလျှော့ အတင်းများပြု လုပ်လိုသည့် စိတ်ရင်းဆန္ဒရှိကြရန် အထူးပင်အရေးကြီးပါကြောင်း၊ သို့မှသာ နိုင်ငံရေး ဆွေးနွေးပွဲမှ မိမိတို့ ညှိနှိုင်းအဖြေရှာနိုင်မည်ဖြစ်ပါကြောင်း။

ထို့ကြောင့် ငြိမ်းချမ်းရေးကို မျှော်လင့်နေကြသည့် ပြည်သူများ၊ တိုင်းရင်းသားများ ၏ မျှော်တလင့်လင့် ညှိုးငယ်နေသည့် မျက်နှာများ၊ နှစ်ပေါင်းများစွာ နွမ်းလျနေခဲ့ရသည့် ၎င်းတို့၏ မျှော်လင့်ချက်များကို ရှေးရှုပြီးယနေ့ မိမိတို့အတွက်မဟုတ်ဘဲ နောင် အနာဂတ် မျိုးဆက်သစ်များအတွက် မှန်းမျှော်ကြည့်ကြပြီး ယနေ့ ဆွေးနွေးပွဲကို အောင်အောင်မြင်မြင်ဖြစ်အောင် လုပ်ဆောင်ကြပါဟု တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက UPDJC ၏ ၁၆ ကြိမ်မြောက် အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ကိုယ်စားပြုသည့် UPDJC ဒုတိယဥက္ကဋ္ဌအနေဖြင့် အမှာစကားပြောခွင့်ရသည့်အတွက် အထူးပင်ဝမ်းသာ ဂုဏ်ယူမိပါကြောင်း၊ UPDJC သည် NCA စာချုပ်အရ အကောင်အထည်ဖော် ဆောင် ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အရေးအကြီးဆုံးသော ကော်မတီတစ်ရပ်လည်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး အောင်မြင်ပြီး မိမိတို့တိ်ုင်းပြည်ကြီး သာယာဝပြောအောင် အားလုံးဝိုင်းဝန်းဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း။

ယနေ့အစည်းအဝေးသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးအတွက် ပြင်ဆင်နေသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ အစည်းအဝေးတွင် လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အောင်အောင်မြင် မြင် ကျင်းပနိ်ုင်ရန်အတွက် လုပ်ငန်းကော်မတီအသီးသီးက တင်ပြလာသည့် တင်ပြ ချက်များ၊ အဆိုပြုလွှာများကိုစိစစ်ပြီး ညီလာခံကို တင်သွင်းနိ်ုင်ရန်အတွက် မိမိတို့ အားလုံး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လုပ်ငန်းကော်မတီက တင်ပြလာသည့် အဆိုပြုလွှာများကို အကောင်းဆုံးဖြစ်အောင် စိစစ်ပြီး သဘောတူညီ ချက် ရနိ်ုင်သမျှရအောင် စုစည်း၍ ယခုအစည်းအဝေးမှ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ တတိယအကြိမ်မြောက် အစည်းအဝေးကို တင်သွင်းသွား ရမည် ဖြစ်ပါကြောင်း။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ အစည်းအဝေးကို ကျင်းပ ရခြင်း၏ အဓိကရည်ရွယ်ချက်သည် ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုနိ်ုင်ရေး အတွက်ပင်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုသဘောတူစာချုပ်ဆိုသည်မှာ NCA စာချုပ်တွင် ဖော်ပြထားသည့်အတိုင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် မိမိတို့ တိုင်း ပြည်တွင်ရှိသည့် ဥပဒေအားလုံးကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်းများကို ဆောင်ရွက်သည့်အခါ အခြေခံရန်အတွက်လည်း ဖြစ်ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများ ပင်လုံတွင်မျှော်မှန်းခဲ့သည့် ငြိမ်းချမ်းသာ ယာသည့် ပြည်ထောင်စုကြီး ထူထောင်နိ်ုင်ရန်အတွက် အရေးကြီးသည့် အခြေခံမူများ ရရှိလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုအစည်းအဝေးတွင် အားလုံးဝိုင်းဝန်း ကြိုးစား အဖြေရှာပေးကြရန် လေးစားစွာ တိုက်တွန်းလိုပါကြောင်း။

ယနေ့တွင် လုပ်ငန်းကော်မတီ အသီးသီးက တင်သွင်းလာမည့် အဆိုပြုလွှာများ ကို မိမိတို့အနေဖြင့် အားလုံးဝိုင်းပြီး ညီလာခံကိုတင်သွင်းနိ်ုင်ရန် ကြိုးစားသွားကြရမည် ဖြစ်ပါကြောင်း၊ လက်ရှိအနေအထားအရ လုပ်ငန်းကော်မတီအသီးသီးက သဘောတူ စုစည်းချက်များရရှိနိ်ုင်မှု တော်တော်လေးနည်းပါသေးသည်ဟု ကြားရပါကြောင်း၊ မိမိတို့ ရှေ့မှာရောက်ရှိလာမည့် အဆိုပြုလွှာများအားလုံးကို ပြေပြေလည်လည် ညှိနှိ်ုင်း၍ အားလုံးသဘောတူနိုင်ပါက ဆက်လက်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သည် ရလာဒ်ကောင်းထွက်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး ဖြစ်မည်ဖြစ်ပါ ကြောင်း၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရန်နှင့် တိုင်းရင်းသားလူမျိုးအားလုံး ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်နိ်ုင်သော ပြည်ထောင်စုကြီး ထူထောင်နိ်ုင်ရန်အတွက် အခြေခံမူများဖြစ်သွားမည်ဖြစ်ပါကြောင်း။

ထို့ကြောင့် မိမိတို့အားလုံးဝိုင်းပြီး တိုင်းပြည်၏ ပြဿနာကို အတူတကွ အဖြေရှာ ခြင်းဆိုသည့် ချဉ်းကပ်မှုမျိုးဖြင့် စိတ်ရှည်လက်ရှည် ဝိုင်းဝန်းဆွေးနွေးပြီး ငြိမ်းချမ်းရေး အတွက် အဖြေရှာကြပါစို့ဟု တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဦးသုဝေက ဇူလိုင် ၁၁ ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁ ) ရာစုပင်လုံ ကျင်းပတော့မည်ဖြစ်ပါကြောင်း၊ ညီလာခံကြီး ကြီးကြီး ကျယ်ကျယ် ခမ်းခမ်း နားနား သိုက်သိုက် မြိုက်မြိုက် အောင်အောင် မြင်မြင်ဖြစ်ရန် ဝိုင်းဝန်းကြိုးစားသည့် အထဲတွင် မိမိတို့ UPDJC က အရေးပါသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ UPDJC ဆိုသည်မှာ နိုင်ငံတော်အစိုးရကို ကိုယ်စားပြုသည့် ဝန်ကြီးဌာနကိုယ်စားလှယ်ကြီးများ၊ တပ်မတော်ကိုယ်စားလှယ်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ စုပေါင်းပါဝင်သည့် အဖွဲ့အစည်း အစုအဖွဲ့တစ်ခု၊ NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စားလှယ် အစုအဖွဲ့နှင့် နိ်ုင်ငံရေးပါတီများကိုယ်စား လှယ်အစုအဖွဲ့ သုံးပွင်ဆိုင်စုပေါင်းထားသည့် အဖွဲ့အစည်းပင်ဖြစ်ပါကြောင်း။

အဆိုပါ အဖွဲ့အစည်းက ငြိမ်းချမ်းရေးကြီးရရှိအောင် ညီညီညွတ်ညွတ် ရင်းရင်း နှီးနှီး တစ်လျောက်လုံးကြိုးစားခဲ့သည်မှာ လွန်စွာဝမ်းသာစရာ ကောင်းပါကြောင်း၊ UPDJC သည် ယနေ့ကြိုးပမ်းနေသည့် လုပ်ငန်းကြီးနှစ်ခုရှိပါကြောင်း၊ အမျိုးသားပြန် လည်သင့်မြတ်ရေးဆိုသည့်လုပ်ငန်းနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကြီးဖြစ်ပါ ကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းကြီးသည် အင်မတန်ကြီးကျယ် ခက်ခဲသည့် လုပ်ငန်းကြီးတစ်ရပ်ဖြစ်သကဲ့သို့ ရင်ဆိုင်ဖြေရှင်းရမည့် လုပ်ငန်းကြီးဖြစ် ပါကြောင်း၊ အဆိုပါလုပ်ငန်းများ အောင်မြင်ရန် UPDJC တွင် ရင်းရင်းနှီးနှီး ခေါင်းချင်း ဆိုင်ပြီးဆွေးနွေးရုံဖြင့် မလုံလောက်ပါကြောင်း။

အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည့် လုပ်ငန်းကြီးတွင် စံချိန်၊ စံညွှန်းနှင့်ညီ အောင် UPDJC အဖွဲ့အစည်းများ အချင်းချင်းတွေ့သည့်အချိန်တွင် လှိုက်လှိုက်လှဲလှဲ ဝမ်းပမ်းတသာ ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်နေကြသည်ကို ပြည်သူလူထု တွေ့မြင်ရန် လိုအပ်ပါကြောင်း၊ UPDJC ဆိုသည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော် ဆောင်လမ်းညွှန်နေသည့် အဖွဲ့အစည်းပီပီ ညီညွတ်မှုကို ပြည်သူလူထုအား ပြသရန် လိုအပ်ပါကြောင်း၊ သို့မှသာ လူထုကြီးသည် အမျိုးသားပြန်လည်သင့်မြတ်ရေး အမှန် တကယ်ဖြစ်လာတော့မည်ဟု ယုံကြည်မည်ဖြစ်ပါကြောင်း၊ ထို့အတူ ငြိမ်းချမ်းရေးဖော် ဆောင်မှုကို ကြိုးပမ်းသည့်နေရာတွင် UPDJC သည် တွေ့ဆုံ၊ ဆွေးနွေး၊ ညှိနှိုင်း ဆောင်ရွက်ကြရာတွင် သည်းခံ၊ စိတ်ရှည်၊ နားလည်မှုများ၊ အမျော်အမြင်ရှိမှုများဖြင့် အခက်အခဲများကို အလျော့အတင်း၊ အပေးအယူပြုလုပ်ကာ သဘောတူညီချက် ရအောင်ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း။

ထိုသို့သော အရည်အချင်းမျိုးကို ပြသနိုင်မှ ပြည်သူလူထုက နားလည်သဘော ပေါက်ပြီး UPDJC ကြိုးစားနေသည့် ငြိမ်းချမ်းရေးသည် ရကိုရမည်ဟု ယုံကြည်စိတ် ဝင်ကာ ပြည်သူတစ်ရပ်လုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲသို့ ပူးပေါင်းပါဝင် ဆောင်ရွက် လာမှုကိုရရှိပြီး ငြိမ်းချမ်းရေး မြန်မြန်ဆန်ဆန် ရရှိမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို တာဝန်အပေးခံရသည့် UPDJC သည် အင်မတန် ဂုဏ်ရှိပါ ကြောင်း၊ အဆိုပါလုပ်ငန်းများကို တာဝန်ပေးခံရခြင်းသည် ကြုံခဲလှပါကြောင်း၊ ထို့ကြောင့် ကြုံတောင့် ကြုံခဲအချိန်တွင် တာဝန်အပေးခံရသည့် UPDJC သည် မိမိတို့တာဝန်ကို ကျေပွန်အောင် အားသွန်ခွန်စိုက် ကြိုးပန်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

ထိုသို့ ကြိုးပမ်းဆောင်ရွက်သွားပါက ပြည်သူလူထုသည် ငြိမ်းချမ်းရေးဆိုသည့် အသီးအပွင့်များနှင့် အသီးအပွင့်များ၏ အရသာကို ခံစားသွားနိုင်မည် ဖြစ်ပါကြောင်း၊ ထိုသို့ ပြည်သူများ ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ခံစားသွားနိုင်ရန်လည်း UPDJC သည် အစွမ်းကုန်ကြိုးစားအားထုတ် ဆောင်ရွက်နေသည့်အတွက် ငြိမ်းချမ်းရေးရရှိပါက UPDJC ၏ သမိုင်းသည် အင်မတန်လှပသည့် မှတ်တမ်းဖြစ်သွားမည်ဖြစ် ပါကြောင်း၊ လာမည့်ငြိမ်းချမ်းညီလာခံသည်လည်း ငြိမ်းချမ်းရေအောင်ပွဲ၏ အဆင့်တစ်ခု တတ်သွား အောင် လုပ်ရန်လိုအပ်ပါကြောင်း။

ညီညီညွတ်ညွန်ဖြင့် အောင်မြင်အောင်၊ တာဝန်ကျေပွန်အောင် အတူတကွ ဝိုင်း ဝန်းကြိုးစားဆောင်ရွက်ပါက ငြိမ်းချမ်းရေးအဆင့်အတန်းတစ်ခုကို ယနေ့ ဖော်ဆောင် သည့် ညီလာခံကြီးတွင် မိ်မိတို့ပြသရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အားလုံး ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင်၊ ပြည်သူလူထုလည်း ငြိမ်းချမ်းရေး အသီးအပွင့်များ စားသောက်နိ်ုင်အောင်၊ မိမိတို့အားလုံး၏ သမိုင်းလည်းလှပအောင် ညီညီညွတ်ညွတ်ဖြင့် တတ်စွမ်းသလောက် ဆောင်ရွက်ကြပါဟု ပြောကြားသည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် တက်ရောက်လာကြသူများက နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍနှင့် လုံခြုံရေးကဏ္ဍတို့မှ မူဝါဒစာ တမ်းများတင်ပြ ဆွေးနွေးခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး၏ သဘောတူဆုံးဖြတ်ချက် ချမှတ်ရေးကိစ္စနှင့် အထွေထွေကိစ္စ ရပ်များအား ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးသုဝေ၊ ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် ဒေါက်တာ တင်မျိုးဝင်းတို့က နိဂုံးချုပ်အမှာစကားပြောကြားကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်