(၁၇)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်းအဝေး ကျင်းပ

နေပြည်တော်  ၁၅  ဇူလိုင် 
 
(၁၇)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်းအဝေးကို ယနေမွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပသည်။
 
အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းနှင့် ဦးသုဝေ တို့က အဖွင့်အမှာစကား ပြောကြားကြသည်။ 
 
 
UPDJC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က ယခု တတိယအကြိမ် မြောက် အစည်းအဝေးကို မူလရည်ရွယ်ထားသည့်အတိုင်း ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး တို့ကို ရှေးရှုပြီး လွတ်လပ်မှု၊ တန်းတူ ညီမျှမှုနှင့် တရားမျှတမှု တို့ကို အခြေခံကာ ပင်လုံစိတ်ဓာတ် နှင့်အညီ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက် များ အပြည့်အဝရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲများ ရလဒ်များနှင့်အညီ တည်ဆောက်နိုင်ရန်အတွက် မိမိတို့ ဝိုင်းဝန်း ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ယခုအကြိမ် အစည်းအဝေးကိုကြည့်ပါက အားရစရာကောင်း သည်မှာ အစည်းအဝေး၌ ပါဝင်သင့်၊ ပါဝင်ထိုက်သည့် ပုဂ္ဂိုလ်များအားလုံး ပါဝင်ကြသည်ကို တွေ့ရပါကြောင်း၊ အစည်းအဝေးတွင် ညီလာခံကိုယ်စားလှယ် ၇၀ဝ ကျော်၊ ဖိတ်ကြားသင့်သူ ၂၉ ဦး၊ လေ့လာသူ ၁၀၄ ဦး၊ အကျိုးဆောင်အဖွဲ့ ၂၇ ဦး အပါအဝင် အထောက်အကူပြုအဖွဲ့တို့ ပါဝင်ပြီး ကဏ္ဍအလိုက် အစုအဖွဲ့အလိုက် အားလုံးကြိုးစား ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရပါ ကြောင်း၊ ယနေ့ဆွေးနွေးရမည့်ကိစ္စမှာ ကဏ္ဍအသီးသီးက ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီကို တင်ပြမည့် အချက်များကို ဆွေးနွေးကြမည် ဖြစ်ပါကြောင်း၊ ကဏ္ဍအသီးသီး တွင် သဘောတူညီမှု ရရှိသည့် အချက်များလည်း ရှိပါကြောင်း၊ သဘောတူညီမှု ရရှိရန် အနည်းငယ် ကျန်ရှိသည့် အချက်များလည်းရှိပါကြောင်း၊ အထူးသဖြင့် အရေးကြီးသည့် ကဏ္ဍ များတွင် မိမိတို့ အချင်းချင်း အပေးအယူ အလျော့အတင်း ပြုလုပ်နိုင်ပါက ထပ်မံပေါ် ထွက်လာ နိုင်သည့် သဘောတူညီချက်များလည်း ရရှိနိုင်ပါကြောင်း၊ အဓိကအားဖြင့် ယင်းအချက်များကို အသေးစိတ် ဆွေးနွေးပြီး အပြန်အလှန် နားလည်မှုဖြင့် ဆွေးနွေးကြစေလိုပါကြောင်း၊ ဆွေးနွေးမှု ဆိုသည်မှာ အပေးအယူပြုလုပ် ခြင်းဖြစ်ပါကြောင်း၊  မိမိတို့ ပြည်သူများ၏ မျက်နှာကို ထောက် ထားပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပံ့ပိုးသည့်အနေဖြင့် ယခုကျန်ရှိနေသည့် အချက်များကို အပြန် အလှန်ညှိနှိုင်းဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။
 
 
UPDJC ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက " ယခုညီလာခံကြီးကြောင့် နောင်မှာ ညီလာခံတွေကို ဆက်လက်ကျင်းပနိုင်တယ်။  ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆက်လက်ကျင်းပနိုင်တာက အင်မတန်မှ ကျွန်တော်တို့ ကံကောင်းတယ်လို့ ပြောချင်ပါတယ်။ နှစ်ပေါင်း ခုနစ်ဆယ်အတွင်းမှာ  ဒီလိုညီလာခံမျိုး မရှိခဲ့ဘူး။ 
 
“ထို့အတွက်ကြောင့် ဒီလိုရှိနေတဲ့ အခွင့်အရေးလေးကို အပျက်မခံဘဲ ဆက်လုပ်ဖို့လိုပါ တယ်။ အဲဒီအတွက်ကြောင့် ဒီညီလာခံလေးက ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်နိုင်ဖို့အတွက် အင်မတန်မှ အရေးကြီးတဲ့ ညီလာခံဖြစ်တဲ့အတွက် အကျိုးရှိပါတယ်လို့ ကျွန်တော်ပြောချင်ပါ တယ်" ဟု ပြောကြားသည်။ 
 
 
UPDJC ဒုတိယဥက္ကဋ္ဌ ဦးသုဝေ က " ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးမှာ ညီလာခံ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တော်ကြီးများအနေနဲ့ အစုအဖွဲ့ တစ်ခုချင်းစီနဲ့ ကျင်းပတဲ့ အစည်းအဝေးတွေ၊ စုပေါင်းစုဖွဲ့ ကျင်းပတဲ့ အစည်းအဝေးတွေမှာ အားမာန်အပြည့်နဲ့ တက်ရောက်ပြီး သဘောထားတွေ တူညီစွာရရှိသည်အထိ ဆွေးနွေးကြတဲ့အတွက် အင်မတန် ဝမ်းသာပါတယ်။ အဲဒီအစည်းအဝေးတွေမှာ ဒီမိုကရေစီ အယူအဆတွေ ပိုမိုဖြစ်ထွန်းလာတာ ကိုလည်း တွေ့ရပါတယ်။ ကျွန်တော်တို့ ယခုကျင်းပနေတဲ့ ငြိမ်းချမ်းရေးညီလာခံသည် အများကြီး အောင်မြင်သည်ဟု မိမိအနေနဲ့ ယူဆပါတယ်။ UPDJC ရဲ့ ဦးဆောင်မှုနဲ့ ငြိမ်းချမ်းရေးဟာ တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်အောင်မြင်လျက်ရှိပါတယ်။ လာမည့်ကာလ မှာလဲ ငြိမ်းချမ်းရေးက အခုထက် ပိုမိုပွင့်လင်းအောင်မြင့်မယ့် အလားအလာ ရှိပါတယ်" ဟု ပြောကြားသည်။
ယင်းနောက်   နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍများ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ (တတိယအစည်းအဝေး) နောက်ဆုံးနေ့ အစီအစဉ်များကို ဆွေးနွေး အတည်ပြုကြသည်။
 
ထို့နောက် UPDJC ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးသုဝေ၊ ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းနှင့် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း တို့က နိဂုံးချုပ် အမှာစကားပြောကြားကြသည်။
 
ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း က ယခုအစည်းအဝေးတွင် အခြေခံမူ ၁၄ ချက်ကို ဆုံးဖြတ်နိုင်ခဲ့ပါကြောင်း၊ ယခုသဘောတူညီချက်များကို ပြည်ထောင်စု သဘောတူညီစာချုပ် အစိတ်အပိုင်း(၂)အဖြစ် ချုပ်ဆိုနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
 
ယနေ့ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)၌ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍကြီး ၅ ခုနှင့် စပ်လျဉ်းသည့် အချက်ပေါင်း ၁၄ ချက်ကို ဆွေးနွေး အတည်ပြုနိုင်ခဲ့သည်။
 
ယင်းသဘောတူညီချက် ၁၄ ချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစု ပင်လုံ (တတိယအစည်းအဝေး) နောက်ဆုံးနေ့(ယနေ့)တွင် ပြည်ထောင်စုသဘောတူညီ စာချုပ် ၏ အစိတ်အပိုင်း(၂)အဖြစ် လက်မှတ်ရေးထိုးကာ စာချုပ်ချုပ်ဆိုသွားမည် ဖြစ်ကြောင်း သိရ သည်။
 
အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ်များ နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
ညပိုင်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင် များက အစည်းအဝေး ရလဒ်နှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့သည်။ 
 
သူရဇော်၊ မျိုးမြင့် (သတင်းစဉ်)