(၁၇)ကြိမ်မြောက် သက်တော်ရှည် ဆရာတော်ကြီး ၂၇ ပါးအား ပူဇော်ပွဲ ကျောက်ဆည်မြို့၌ ကျင်းပ

ကျောက်ဆည် ဧပြီ ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက် နေလသုခဗိမ္မာန်တော်တွင် ဧပြီ ၂၆ ရက် နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်အတွင်း သီတင်းသုံးနေထိုင်တော်မူကြသော သိက္ခာတော် ၅၅ ဝါအထက်ရှိ ဂိုဏ်းပေါင်းစုံ ထေကြီး၊ ဝါကြီး သက်တော်ရှည်ဆရာတော်ကြီး ၂၇ ပါးအား (၁၇)ကြိမ်မြောက် ပူဇော်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။

 

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး အလှူရှင်များက သက်တော်ရှည် ဆရာတော်ကြီးများအား ရှိခိုးပူဇော်ကန်တော့ကာ နိုင်ငံတော် ဩဝါဒစရိယ ဧရာဝတီပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တပေါမောက္ခာဘိဝံသက မေတ္တာဆုပေး ဩဝါဒကထာချီးမြှင့်သည်။ ထို့နောက် ကြွရောက်တော် မူလာကြသော ဆရာတော် အရှင်သူမြတ်တို့က မေတ္တာသုတ် ပရိတ်တရားတော် ရွတ်ဆိုချီးမြှင့်သည်။

 

ယင်းနောက် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက သက်တော် ၉၀ ကျော် သံဃာတော် သုံးပါး၊ သက်တော် ၈၀ ကျော် သံဃာတော် ၁၁ ပါး၊ သက်တော် ၇၀ ကျော် သံဃာတော် ၁၃ ပါး စုစုပေါင်း ၂၇ ပါးအား သင်္ကန်းပရိက္ခရာနှင့် စုစုပေါင်းနဝကမ္မ လှူဒါန်းရရှိငွေေ ၂၁၂၃၇၀၀၀ ကျပ်ကို လောင်းလှူခဲ့ရာ နိုင်ငံတော် ဩဝါဒစရိယ ဆရာတော် ဘဒ္ဒန္တပါမောက္ခာဘိဝံသက အနုမောဓနာတရား ချီးမြှင့်ပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

 

ခရိုင်(ပြန်/ဆက်)