မန္တလေး ၁၆ ဇန်နဝါရီ

 

(၁၈) ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံ ပန်းမန်ပြပွဲပြိုင်ပွဲ ဖွင့်ပွဲကို ဇန်နဝါရီ ၁၆ ရက် နံနက် ၉ နာရီက ချမ်းမြသာစည်မြို့နယ် မန္တလေးကန်တော်ကြီး လူထုအပန်းဖြေ ဥယျာဉ်တွင် ကျင်းပသည်။

 

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် လွတ်တော်ကိုယ်စားလှယ်များ၊ မန္တလေး ဒုတိယမြို့တော်ဝန် ဦးရဲမွန်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဌာနမှူးများ၊ တိုင်းဒေသကြီး ၊ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

 (၁၈) ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဋ္ဌ ဦးအောင်ကျော်ဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

ထို့နောက် တိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ်နှင့်   ဧည့်သည်များသည် ပြပွဲပြိုင်ပွဲအတွင်း ခင်းကျင်းပြသ ထားသည့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီအမှိုက်ကင်းစင်ရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးပြခန်း၊ မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်မှုပြခန်း စိုက်ပျိုးရေးဦးစီးဌာနပြခန်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနပြခန်း၊ သစ်တောဦးစီးဌာနပြခန်း၊ စက်မှုလယ်ယာဦးစီးဌာနပြခန်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနပြခန်း၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ပြခန်းများ၊ တိုင်ရင်းဆေးတက္ကသိုလ် ဆေးဖက်ဝင်အပင် များပြခန်း၊ စိုက်ပျိုးရေးနှင့် မျိုးစေ့အရောင်းပြခန်းများ၊ ပြိုင်ပွဲဝင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များအား ကြည့်ရှု အားပေးကြသည်။

 

ပြိုင်ပွဲတွင် ပန်းအလှပြုပြင်ခြင်း၊ ပန်းအလှပင်ပြိုင်ပွဲ၊ အရွက်အလှပင်ပြိုင်ပွဲ၊ ပြည်တွင်းသစ်ခွ၊ ပြည်ပ သစ်ခွပြိုင်ပွဲ၊ နှင်းဆီပင်အမျိုးမျိုးပြိုင်ပွဲ၊ ရှာစောင်းပင်ပြိုင်ပွဲ၊ သက်ကြီးပုပင်ပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ရာသီပန်းအလှပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြသည်။ သစ်သီဝလံပြပွဲပြိုင်ပွဲကို ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ညပိုင်းတွင် မြို့မတေးဂီတအဖွဲ့နှင့် ခေတ်ပေါ်တေးဂီတ အဖွဲ့များက ဖျော်ဖြေမည်ဖြစ်သည်။

 

မောင်ပြည်သူ(မန္တလေး)