အင်းစိန် ၃၁ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသော လောကချမ်းသာ အဘယဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) ၏ (၁၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပြုလုပ်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက အဆိုပါ ဘုရားဂေါပကရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆွေးနွေးပွဲအပြီး ညှိနိုင်းဆွေးနွေး အကြံပြုချက်အရ နှစ်စဉ်ကျင်းပနေမြဲဖြစ်သည့် အဘယ လာဘမုနိ ရုပ်ရှင်တော်မြတ် (ကျောက်တော်ကြီးဘုရား) ကြီး၏ (၁၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို ၁၃၈၀ ပြည့်နှစ် တပို့တွဲလပြည့်နေ့ ဖေဖော်ဝါရီ ၁၉ ရက် နံနက်အရုဏ်တက်ချိန်မှာ ဘုရားအမှုပြုသော ဆရာတော်သံဃာတော်တို့က ဗုဒ္ဓဘိသေက မင်္ဂလာတင်လှူခြင်း မင်္ဂလာ အခမ်းအနားဖြင့် ဖွင့်လှစ်၍ ပင့်သံဃာ (၁၀ဝ) ကျော် တို့အား ဆွမ်းဆန်စိမ်းလောင်းလှူ ခြင်းအခမ်းအနားကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရပ်ဝေးရပ်နီးမှ ဘုရားပွဲတော်လာ ပြည်သူများအား နေရာထိုင်ခင်းများ စီမံထားရှိပြီး နှမ်းမနဲ ထိုးပွဲ၊ မြန်မာ့ရိုးရာ ခြင်းအလှခတ် သရုပ်ပြပွဲ၊ အငြိမ့်သဘင်ပွဲ၊ တေးဂီတဖျော်ဖြေပွဲ၊ ဈေးရောင်းပွဲများဖြင့် (၁၅)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်ဆုံးဖြတ်ခဲ့ကြကြောင်း ဂေါပကအဖွဲ့ဝင် ဦးမောင်မောင်မြင့်အေး၏ ပြောပြချက်အရ သိရသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး