နေပြည်တော် စက်တင်ဘာ ၂၈
(၁၈) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ “World Rabies Day” အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ သစ်တောဦးစီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက ယခု ၂၀၂၄ ခုနှစ်၊ World Rabies Day ၏ ဆောင်ပုဒ်သည် “Breaking Rabies Boundaries” “အတားအဆီးများကိုကျော်လွန်မှ ခွေးရူးရောဂါကင်းစင်ပ ခြေလှမ်းတိုင်းမှာပါဝင်ကြ” ဖြစ်ကြောင်း၊ လှုပ်ရှားမှုများအဖြစ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ခွေးများကိုကာကွယ်ဆေးထိုးနှံခြင်းဖြင့် ခွေးရူးရောဂါဖယ်ရှားသွားနိုင်ရန် ဆောင်ရွက်ရာတွင် တစ်ခုတည်းသော ကျန်းမာရေးအသိအမြင်ဖြင့် သက်ဆိုင်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ရည်ရွယ်သတ်မှတ်ခြင်းဖြစ်ကြောင်း။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် (၁၅) မိနစ်လျှင် လူ (၁) ဦးကျ ခွေးရူးရောဂါဖြစ်ပွား၍ အသက်ဆုံးရှုံးလျက်ရှိပြီး တစ်နှစ်လျှင် လူဦးရေ ၅၅,၀၀၀ မှ ၇၀,၀၀၀ ခန့် ခွေးရူးရောဂါဖြင့် သေဆုံးလျက်ရှိရာမှ ၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးရောဂါကူးစက်ခံရမှုကြောင့် လူသေဆုံးမှု “ သုည ” အထိ လျော့ချနိုင်ရေး Zero Rabies Human Death by 2030 အတွက် ဆောင်ရွက်သွားကြရန် နိုင်ငံအသီးသီးကို တိုက်တွန်းကြောင်း၊     မြန်မာနိုင်ငံတွင်လည်း ခွေးရူးရောဂါကူးစက်မှုများ ဖြစ်ပွားလျက်ရှိသည့် နိုင်ငံတစ်ခုဖြစ်သည့်အတွက် ခွေးရူးရောဂါကူးစက်ဖြစ်ပွားမှု လျော့နည်းလာပြီး ၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးရောဂါ ပျောက်ကွယ်သွားအောင် ဆောင်ရွက်သွားရန် လိုအပ်သည့်အတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများက ခွေးရူးရောဂါကင်းစင်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောကြပြီး ဒုတိယဝန်ကြီးက စာရေးဆရာ မောင်အောင် ရေးသားပြုစုထားသည့် သုတရသစာအုပ်များကို ကျောင်းစာကြည့်တိုက်အတွက် ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါအခမ်းအနားများကို ပျဉ်းမနား အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းနှင့် ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းများတွင် တချိန်တည်း ကျင်းပကြကြောင်း သိရသည် ။
ထို့နောက် ဒုတိယဝန်ကြီးသည် ငါးလုပ်ငန်းဦးစီးဌာန ရေဆင်းငါးစခန်းအတွင်း တင်ကျန်ခဲ့သည့်နုန်းများ ဖယ်ရှားရှင်းလင်းနေမှု၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မျိုးငါးကန်နုံးရေထုတ်ခြင်း၊ GAqP ငါးကန်များ ရေသန့်စင်နေခြင်းတို့ကို လည်းကောင်း၊ သပြေပင်ကျေးရွာ၌ ကျွဲ နွား (၂၂၁) ကောင်ကို လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးနှင့် အားဆေးများ ကွင်းဆင်းထိုးနှံနေမှုကို လည်းကောင်း လှည်လည်ကြည့်ရှုစစ်ဆေးပြီး တင်ပြမှုများအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်