ရွှေလီ ၁၁ ဒီဇင်ဘာ

(၁၈)ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲ ရွှေလီမြို့ရှိ ကျင်ရှင်ကျောက်မျက်ရတနာနှင့် သစ်ထွက်ပစ္စည်း ယဉ်ကျေးမှုစင်တာတွင် ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်ထိ သုံးရက်ကြာကျင်းပလျက်ရှိရာ မြန်မာနိုင်ငံမှ ပြခန်း (၅၃) ခန်းပါဝင်ပြသလျက်ရှိသည်။

မြန်မာနိုင်ငံဘက်မှ ဒေသထွက်ကုန်ပစ္စည်းပြခန်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းပြခန်း၊ တိုင်းရင်းဆေးပြခန်း၊ မြန်မာ့ရိုးရာလက်မှုထည်ပြခန်း၊ စိုက်ပျိုးရေးထုတ်ကုန် ပစ္စည်းပြခန်း၊ ရေထွက်ကုန်ပစ္စည်းပြခန်း၊ သစ်အချောထည်ပစ္စည်းပြခန်း၊ ဘဏ်ဝန်ဆောင်မှု ပြခန်းများပါဝင်ပြီး တရုတ်နိုင်ငံဘက်မှ စက်မှုလက်မှုထုတ်ကုန်ပြခန်းများ၊ လူသုံးကုန်ပစ္စည်းပြခန်းများ၊ ပရိဘောဂပစ္စည်းပြခန်းများ၊ စားသောက်ကုန်ပစ္စည်းပြခန်းများ အပါအဝင် ပြခန်းပေါင်း ၄၅၀ ကျော်ကို ခင်းကျင်းပြသထားသည်။

ပြည်တွင်းထုတ် အမေထွားပဲဆီသန့်ကို ပြည်ပကိုတင်ပို့နိုင်အောင် အဆင့်မြှင့်တင်ထားတယ်ဆိုတာ သိရှိနိုင်အောင် လာရောက်ပြသခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ မြေပဲဆီကို  စိတ်ဝင်စားမှုရှိတဲ့အတွက် ရောင်းရပါတယ်။ ပြည်တွင်းထုတ်ကုန်ကို ပြည်ပထိတင်ပို့နိုင်ဖို့ဆိုရင် နယ်စပ်ဂိတ်တွေကတစ်ဆင့် တင်ပို့ရေးနဲ့ သွားလာရေး အဆင်ပြေအောင် စီစဉ်ပေးနိုင်ရင်တော့ ကျွန်တော်တို့ ထုတ်ကုန်တွေအတွက် ပိုအဆင်ပြေမှာပါဟု ပြပွဲတွင်လာရောက်ပြသသည့် အမေထွားပဲဆီသန့်လုပ်ငန်းမှ ဦးအောင်သန်းဦးက ပြောသည်။

လှပျိုဖြူ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းမှ  ဒေါ်နန်းမိုင်ကခုပြပွဲမှာ လှပျိုဖြူ တိုင်းရင်းဆေးဝါးလုပ်ငန်းကထုတ်တဲ့ ပစ္စည်းခြောက်မျိုးလောက် လာရောက်ပြသတာပါ။ ဒီဘက်ကအေးတော့ ကျွန်မတို့လိမ်းဆေးကို စိတ်ဝင်စားမှုရှိပါတယ်။ နယ်စပ်ကုန်စည်ပြပွဲမှာ နှစ်တိုင်းလာရောက်ပြသဖြစ်ပါတယ်။ တာဝန်ရှိသူတွေကိုလည်း အခုလို ဖိတ်ခေါ်ပြီး ပြသခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဟုပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းတာဝန်ရှိသူတစ်ဦးကကျွန်တော်တို့နိုင်ငံက ထွက်ကုန်တွေကို တခြားနိုင်ငံမှာ ပြသခွင့်ရတဲ့အတွက် မြန်မာနိုင်ငံက ကုန်သည်တွေအတွက် အများကြီးအထောက် အကူပြုပါတယ်၊ တစ်ဘက်နိုင်ငံက ခေတ်မီတိုးတက်နေတဲ့ နည်းပညာတွေကိုလည်း ပြပွဲမှာကြည့်ရှုပြီး ကျွန်တော်တို့ ဒေသအတွက် လိုအပ်တဲ့အချက်အလက်တွေ၊ technical တွေအကုန်လုံးကို သယ်ဆောင်လာခဲ့မယ်ဆိုရင် နှစ်နိုင်ငံပြပွဲက အားလုံးအဆင်ပြေမယ်လို့ ယုံကြည်ပါတယ်ဟုပြောသည်။ 

မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်လာစေရန်၊ အိမ်နီးချင်းပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲလာစေရန် ရည်ရွယ်လျက် မြန်မာ-တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်အရ နယ်စပ်ကုန်စည်ပြပွဲနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ ဆွေးနွေးပွဲကို ၂၀၀၁ ခုနစ်မှစတင်၍ နှစ်နိုင်ငံအလှည့်ကျ ကျင်းပလျက်ရှိကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ- ဟန်လင်းနိုင်၊ သန်းတင်အောင်