မုံရွာ ၁၁ ဖေဖော်ဝါရီ
၂၀၂၀ ပြည့်နှစ် စစ်ကိုင်းတိုင်းဒေသကြီး ပိုက်ကျော်ခြင်းဆပ်ကော်မတီနှင့် မုံရွာမြို့ ရတနာပိုက်ကျော်ခြင်းကလပ်တို့ ပူးပေါင်းကျင်းပသော (၁၈)ကြိမ်မြောက် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ ညနေ ၅ နာရီက မုံရွာမြို့ ရုံကြီးရပ်ကွက်ရှိ ရတနာပိုက်ကျော်ခြင်းကလပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာရီတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင်နိုင်က အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး ပိုက်ကျော်ခြင်းဆပ်ကော်မတီဥက္ကဌ ဦးသူရက ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပထမဦးဆုံးပွဲအဖြစ် ရတနာအသင်းနှင့် မလဲသာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ခြင်းဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ (၁၈)ကြိမ်မြောက် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် လူငယ်မျိုးဆက်သစ် လူသစ်တန်းပြိုင်ပွဲဝင်အသင်း ၇၅ သင်းနှင့် အလွတ်တန်းပြိုင်ပွဲဝင်အသင်း ၁၀ သင်း စုစုပေါင်း ပြိုင်ပွဲဝင်အသင်းပေါင်း ၈၅ သင်းရှိကာ ပြိုင်ပွဲကာလ ဖေဖော်ဝါရီ ၁၁ ရက်မှ ၂၀ ရက်နေ့အထိ (၁၀)ရက်ကြာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)