(၁၈)ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ (ရွှေလီ)နှင့် (၁၄)ကြိမ်မြောက် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကျင်းပမည်

နေပြည်တော် ၅ နိုဝင်ဘာ

၁၈ ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲ (ရွှေလီ)နှင့် ၁၄ ကြိမ်မြောက် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီ (JBTCCC) အစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲ ရွှေလီမြို့ရှိ ကျင်းရှင်းကျောက်မျက်ရတနာပြတိုက်တွင် ဒီဇင်ဘာ ၁၀ မှ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ပြပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြခန်း ၄၅၀၊ မြန်မာနိုင်ငံမှ ပြခန်း ၅၀ ခန့် ပါဝင်ပြသနိုင်မည်ဖြစ်ရာ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရန် ဖိတ်ခေါ်လျက်ရှိသည်။

ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ နေပြည်တော် ဖုန်း- ၀၆၇ ၄၃၀၄၄၆၊ ၄၃၀၄၄၇၊ ဖက်စ် ၀၆၇ ၄၃၀၁၂၈ ၊ email:[email protected] ၊ မြန်မာကုန်သွယ်မှုဗဟိုဌာန (ရန်ကုန်) ဖုန်း ၀၁ ၂၅၄၀၂၄၊ email:[email protected] နှင့် မောဝ်ရွှေလီကုန်သွယ်မှုဗဟိုဌာန (မူဆယ်) ဖုန်း ၀၉၄၄၀၀၀၃၈၅၄ email:[email protected] တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်လာစေရန်၊ အိမ်နီးချင်းပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲလာစေရန် ရည်ရွယ်လျက် မြန်မာ-တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ် ၁၉၉၇ အရ နယ်စပ်ကုန်စည်ပြပွဲနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီ ဆွေးနွေးပွဲကို ၂၀၀၁ ခုနစ်မှ စတင်၍ နှစ်နိုင်ငံ အလှည့်ကျ ကျင်းပလျက်ရှိကြောင်း သိရသည်။ 

ဝင်းဝင်း