နေပြည်တော်  ၆  အောက်တိုဘာ 

 

မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဌအဖြစ် ဆောင်ရွက်သည့် (၁၉)ကြိမ်မြောက် အာဆီယံ အဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေး(ASLOM)နှင့် လုပ်ငန်းအဖွဲ့(Working Group) အစည်းအဝေးကို  အောက်တိုဘာ ၅ ရက်  မှ ၇ ရက်အထိ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပလျက်ရှိသည်။

 

အဆိုပါ ASLOM အစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာသီတာဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီသီမြင့်နှင့် အာဆီယံ ၁၀ နိုင်ငံမှ အဆင့်မြင့် ဥပဒေအရာရှိကြီးများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက (၁၉)ကြိမ်မြောက် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေးကို မြန်မာ နိုင်ငံ၊ နေပြည်တော်၌ ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါပျံ့နှံ့မှုကြောင့် အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခြင်းဖြစ်ပါကြောင်း၊ အစည်းအဝေး ဖြစ်မြောက်ရေး အတွက် ကူညီပေးခဲ့သော အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ASLOM အဖွဲ့ဝင်များ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊  အာဆီယံသည် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနည်းပညာနှင့် စီမံခန့်ခွဲရေးနယ်ပယ်များတွင် အပြန်အလှန် အကူအညီပေးရေးနှင့် တက်ကြွသော ပူးပေါင်းဆောင် ရွက်ရေးကို  မြှင့်တင်ရန် ရည်ရွယ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံ အသီးသီး၏ ပိုမိုကောင်းမွန်သော ဥပဒေဆိုင်ရာ ပတ်ဝန်းကျင်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ASLOM ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း။

 

အာဆီယံဒေသတွင်းရှိ ဥပဒေပညာရှင်များ၏ အသိအမြင် အတွေ့ အကြုံများ ဖလှယ်ခြင်း သည် ဥပဒေရေးရာကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကအခန်းမှ ပါဝင်ပါကြောင်း၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန် အကူအညီပေးရေးနှင့် လူကုန်ကူးမှု ကိစ္စရပ်များစသည့် ဥပဒေနယ်ပယ်များတွင် ASLOM အနေဖြင့် ပါဝင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် ASLOM အစည်းအဝေးသည် အဓိက မဏ္ဍိုင်တစ်ခု ဖြစ်ကြောင်း၊ ASLOM ခေါင်းဆောင်များ၏ ကြိုးစားအားထုတ်မှုများကြောင့် အာဆီယံ ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် အပြန်အလှန် အကူအညီပေးရေး သဘောတူစာချုပ်နှင့် အာဆီယံ တရားခံ လွှဲပြောင်းရေး သဘောတူစာချုပ်တို့  ဖြစ်ပေါ်လာမှုကို ဂုဏ်ပြုပါကြောင်း၊ ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေဆိုင်ရာ အပြန်အလှန်အကူအညီပေးရေးသည် ဒေသတွင်းဥပဒေဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှု အတွက်သာမက အပြည်ပြည်ဆိုင်ရာ ဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက်ပါ အရေးကြီးပါကြောင်း ပြောကြားသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦး က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေဆိုင်ရာ အပြန်အလှန် အကူအညီပေးရေး သဘောတူစာချုပ်နှင့် အာဆီယံတရားခံလွှဲပြောင်းရေး သဘောတူစာချုပ်တို့၏ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံကုန်သွယ်ရေး ဥပဒေ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပြစ်မှုတားဆီး ကာကွယ်ရေးနှင့် ပြစ်မှုဆိုင်ရာ တရားမျှတမှု၊ တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှု၊ တရားမနှင့် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေဆိုင်ရာ အပြန်အလှန်အကူအညီပေးရေးနှင့် အာဆီယံဒေသတွင်း ဥပဒေဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်