နေပြည်တော် ဖေဖော်ဝါရီ ၁၁
(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ နှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်များ ရယူဆွတ်ခူးပေးခဲ့ကြသည့် တပ်မတော်သားအားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားအားကစားသမားများနှင့် နည်းပြများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့် အားကစားဆောင်ပုဒ်နှင့်အညီ မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့ဖြင့် မိမိတို့တွင်ရှိသည့် စွမ်းအားကိုယ်စီကို အသုံးချပြီး နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကို မြှင့်တင်ပေးခဲ့ကြသည့် ဆုရအားကစားသမားများ၊ ပြိုင်ပွဲတွင် အကောင်းဆုံးလမ်းညွှန်မှုပေးခဲ့ကြသည့် နည်းပြများနှင့် အသင်းအုပ်ချုပ်သူအဖွဲ့ဝင်များ အားလုံးကို မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူသည်ကို ဦးစွာအသိပေးပြောကြားလိုကြောင်း။
စွမ်းဆောင်ပြသနိုင်ခဲ့ကြသည်ကို တွေ့ရှိရ
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် တပ်မတော်သားတစ်ဦးပါဝင်သည့် မြန်မာပိုက်ကျော်ခြင်းအသင်းသည် အသင်းလိုက်ရွှေတံဆိပ်တစ်ခု ရရှိခဲ့ကြောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ မိမိတို့နိုင်ငံအနေဖြင့် အားကစားနည်း ၃၈ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် တပ်မတော်သားအားကစားသမားများက အားကစားနည်း လေးမျိုးတွင် ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ် ငါးခုရရှိအောင် ပါဝင်စွမ်းဆောင်နိုင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ ထို့အတူ တပ်မတော်သား နည်းပြများအနေဖြင့်လည်း လှေလှော်၊ အလေးမ၊ လက်ဝှေ့၊ ဝူရှူး၊ နပန်း စသည့် အားကစားနည်းများတွင် ငွေတံဆိပ် လေးခု၊ ကြေးတံဆိပ် ၁၀ ခုရရှိအောင် စွမ်းဆောင်ပြသနိုင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း။
ဂုဏ်ယူစရာကောင်းလှသည့် စွမ်းဆောင်မှုများပင်ဖြစ်
ထို့အပြင် ယခုနှစ် နှစ်ဆန်းပိုင်းအတွင်း ကျင်းပပြီးစီးခဲ့သည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း သူများ အားကစားပြိုင်ပွဲတွင်လည်း အားကစားနည်း ၁၉ မျိုး ထည့်သွင်းကျင်းပခဲ့သည့်အနက် တပ်မတော်သား အားကစားသမားများသည် ပြေးခုန်ပစ်၊ ထိုင်လျက်ဘော်လီဘော၊ ဘောလုံး၊ ဂိုးလ်ဘော အားကစားနည်းများတွင် ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ် ခြောက်ခု၊ ကြေးတံဆိပ် သုံးခုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အားကစားသမားများနည်းတူ တပ်မတော်သားနည်းပြများကလည်း ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် လေးခုရရှိအောင် စွမ်းဆောင်ပြသနိုင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ဆုတံဆိပ်များ ရရှိခဲ့ကြခြင်းသည် နိုင်ငံတော်အတွက်သာမက တပ်မတော်အတွက်ပါ ဂုဏ်ယူစရာကောင်းလှသည့် စွမ်းဆောင်မှုများပင်ဖြစ်သည်ကို ပြောကြားလိုကြောင်း။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် သူများအနေဖြင့် ကာယအား၊ ဉာဏအားတို့ကိုအသုံးချပြီး အကောင်းဆုံး ကြိုးပမ်းယှဉ်ပြိုင်ခဲ့ကြသကဲ့သို့ မသန်စွမ်း အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် တပ်မတော်သားအားကစားသမားများသည်လည်း မသန်ပေမယ့် စွမ်းကြသူများဖြစ်သည်ကို အကောင်းဆုံး သက်သေပြနိုင်ခဲ့ကြသူများပင်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲနှစ်ရပ်စလုံးကို လေ့လာကြည့်သည့်အခါ တစ်ဦးချင်းပြိုင်ပွဲများတွင် ဆုများရရှိခဲ့ကြသကဲ့သို့ အဖွဲ့လိုက် ပေါင်းစည်းယှဉ်ပြိုင်ကြရသည့် အားကစားနည်းများတွင်လည်း ဆုတံဆိပ်များ ရရှိခဲ့ကြသည်ကို ကြည့်ခြင်းအားဖြင့် မိမိတို့လူမျိုး၏ စည်းလုံးမှု အခြေခံစိတ်ဓာတ်သည် တစ်ဦးချင်းမှစပြီး အသင်းအဖွဲ့ထိ မြဲမြံခိုင်မာနေခြင်းကို ပေါ်လွင်စေလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ အားကစားသမိုင်းမှတ်တမ်းသည် တစ်ချိန်က အာရှအဆင့်သာမက ကမ္ဘာ့အဆင့်ထိ ထိုးဖောက်နိုင်ခဲ့သည့် အစဉ်အလာကောင်းများကို တွေ့ရှိနိုင်ကြောင်း၊ မြန်မာ့အားကစားအောင်မြင်မှု အခန်းကဏ္ဍကို လေ့လာကြည့်ပါက တပ်မတော်သားများ၏ ထူးချွန်ပြောင်မြောက်သည့် စွမ်းဆောင်ချက် သမိုင်းပုံရိပ်များသည်လည်း ထင်ထင်ရှားရှားရှိနေဆဲပင်ဖြစ်ကြောင်း၊ ပြည်တွင်းမှာသာမက နိုင်ငံတကာပြိုင်ပွဲများတွင်ပါ အောင်မြင်မှုများစွာရရှိခဲ့သည့် တပ်မတော်သားများ၏ သမိုင်းမှတ်တမ်းကောင်းများကို ယနေ့ထက်တိုင် မော်ကွန်းရေးထိုးထားလျက်ရှိကြောင်း၊ တစ်ချိန်က မြန်မာ့ဘောလုံးအသင်း၏ လျှမ်းလျှမ်းတောက် အောင်မြင်မှုများတွင် ပါဝင်ခဲ့သည့် တပ်မတော်သားများ၏ အစွမ်းအစများသည် ယနေ့ထက်တိုင် ဂုဏ်ယူဝံ့ကြွားစွာ ပြောစမှတ် တွင်နေဆဲပင်ဖြစ်ကြောင်း။
နိုင်ငံတော်၏ပုံရိပ်ကို မကျဆင်းအောင် ထိန်းသိမ်း
အားကစားမှပေးသည့် “အနိုင်မခံ အရှုံးမပေး” စိတ်ဓာတ်သည် နိုင်ငံတော်တည်ဆောက်ရေးနှင့်ပါ ဆက်စပ်လျက်ရှိသည်ကို ပြောကြားလိုကြောင်း၊ မိမိကိုယ်ကို အရှုံးမပေးခြင်း၊ မိမိအသင်းကို အရှုံးမပေးခြင်းသည် မိမိတို့၏ဂုဏ်သိက္ခာကို ကာကွယ်ခြင်းဖြစ်သကဲ့သို့ နိုင်ငံတော်၏ပုံရိပ်ကို မကျဆင်းအောင် ထိန်းသိမ်းပေးခြင်းလည်းဖြစ်ကြောင်း၊ အားကစားသမားများသာမက နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရမည်ဆိုသည့် အသိတရားများ ကိန်းအောင်းနေကြရန် လိုအပ်ကြောင်း၊ ၎င်းကဲ့သို့ အသိတရားများ နိုင်ငံသားတိုင်း၏ ရင်ထဲတွင် ရှင်သန်နေကြမှသာ မိမိတို့နိုင်ငံတော်ကို ပျက်စီးရာ၊ ပျက်စီးကြောင်း ဖန်တီးလာကြမည့် အန္တရာယ်များကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း။
ယနေ့အခမ်းအနားတွင် နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကို မြှင့်တင်ပေးခဲ့ကြသည့် တပ်မတော်သားအားကစားသမားများနှင့် နည်းပြများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆုများအပြင် အဆင့်တိုးမြှင့်ပေးခြင်းများဖြင့်ပါ ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဂုဏ်ပြုခြင်းသည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းဆိုသည့် မင်္ဂလာတရားနှင့်အညီ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး နောင်လာမည့် မျိုးဆက်သစ်အားကစားသမားများအတွက်လည်း စံနမူနာကောင်းများ ပြသပေးခြင်း ဖြစ်သည်ကိုလည်း ပြောကြားလိုကြောင်း။
နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိပြီး နိုင်ငံ့ဂုဏ်ကိုဆောင်ခဲ့သည့် တပ်မတော်သား အားကစားသမားများအတွက် နိုင်ငံတော်နှင့်တပ်မတော်က အသိအမှတ်ပြု ဂုဏ်ယူကြောင်းနှင့် အားကစားကဏ္ဍအောင်မြင်မှုဆိုသည်မှာ နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုကိုပါ သွယ်ဝိုက်ဖော်ဆောင်နေခြင်းဖြစ်သကဲ့သို့ ယခုထက်ပိုမို အောင်မြင်အောင် ဆက်လက်ကြိုးပမ်း ဖော်ဆောင်ခြင်းဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးကြရန် ပြောကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်များ ရယူဆွတ်ခူးပေးခဲ့ကြသည့် တပ်မတော်သားအားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း (အသင်းလိုက်) ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆု ရရှိခဲ့သည့် အရာခံဗိုလ် သန့်ဇင်ဦး၊ (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်(လှံတံပစ်) (တစ်ဦးချင်း)ပြိုင်ပွဲနှင့် (သံလုံးပစ်)(တစ်ဦးချင်း) ပြိုင်ပွဲတို့၌ ရွှေတံဆိပ်ဆုများရရှိခဲ့သည့် အရာခံဗိုလ် တင်ညို၊ (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ခြင်းလုံး(ကွင်းသွင်း)(အသင်းလိုက်)ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုရရှိခဲ့သည့် ဒုတိယအရာခံဗိုလ် အောင်ဇော်၊ တပ်ကြပ်/၁၃ ကျော်ဇေယျာဝင်း၊ ဒုတိယတပ်ကြပ် စိုးပိုင်ဦး၊ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစား ပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားနည်း၌ ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများရရှိအောင် နည်းပြပေးနိုင်ခဲ့သည့် ဒုတိယအရာခံဗိုလ် သက်ဝင်းတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို တစ်ဦးချင်း ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၊ ပြေးခုန်ပစ်(မီတာ ၂၀၀) (တစ်ဦးချင်း) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ ပြေးခုန်ပစ်(မီတာ ၁၀၀)(တစ်ဦးချင်း)ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုတို့ရရှိခဲ့သည့် ဒုတိယအရာခံဗိုလ် စိုးပေ၊ ပြေးခုန်ပစ်(သံလုံးပစ်)(တစ်ဦးချင်း)ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုနှင့် ငွေတံဆိပ်ဆု ရရှိခဲ့သည့် တပ်ကြပ်ကြီး ရဲမင်းစိုး၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နပန်း(တစ်ဦးချင်း) ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုရရှိခဲ့သည့် အရပ်သားအစားခန့်ဝန်ထမ်း မသဲသိမ့်သိမ့်သူ၊ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားနည်း၌ ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများရရှိအောင် နည်းပြပေးနိုင်ခဲ့သည့် အုပ်ခွဲတပ်ကြပ်ကြီး/၅၂ အောင်သူထွန်းတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို တစ်ဦးချင်း ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများက နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားအားကစားသမားများနှင့် နည်းပြများအား တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ကျေးဇူးတင်စကား ပြန်လည်ပြောကြား
ထို့နောက် နိုင်ငံ့ဂုဏ်ဆောင်တပ်မတော်သား အားကစားသမားများနှင့် နည်းပြများကိုယ်စား ဒုတိယအရာခံဗိုလ် စိုးပေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားအားကစားသမားများနှင့် နည်းပြများအား လက်ဖက်ရည်ဝိုင်းဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များက ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။
ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်
ဂုဏ်ပြုဧည့်ခံဖျော်ဖြေပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားအားကစားသမားများနှင့် နည်းပြများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


